သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS အကြမ်းဖက်လုပ်ရပ် ကူဖို့ကြံစည်သူ ၃ ဦး အမေရိကန်ဖမ်းဆီး


ဆီးရီးယားနိုင်ငံက IS အစွန်းရောက်တွေကို ထောက်ခံဖို့နဲ့ သမ္မတ Barack Obama နဲ့ ရဲအရာရှိတွေ၊ FBI အရာရှိတွေကို လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်တယ်ဆိုတဲ့ စွဲချက်တွေနဲ့ လူ ၃ ဦးကို ဗုဒ္ဓဟူးနေ့က အမေရိကန် အာဏာပိုင်တွေ ဖမ်းဆီးလိုက်ကြပါတယ်။

၂ ယောက်က ဥဇဘက်ကစ္စတန်နိုင်ငံသား ကျန်တယောက်က ကာဇက်စတန် နိုင်ငံသားဖြစ်ပြီး အားလုံးဟာ နယူးယောက်မြို့မှာ နေထိုင်သူတွေလို့ ဆိုပါတယ်။ ကာဇက်လူမျိုး Akhror Saidakhmetov က ဆီရီးယားကို သွားဖို့အတွက် တူရကီခရီးစဉ် လေယာဉ်ပေါ်ကို တက်ဖို့အလုပ်မှာ နယူးယောက်မြို့ John F. Kennedy လေဆိပ်မှာ ဖမ်းဆီးလိုက်တာဖြစ်ပြီး၊ ဥဇဘက်လူမျိုးဖြစ်တဲ့ bdurasul Hasanovich Juraboev နောက်လအတွက် နယူးယောက် - အီစတန်ဘူ လေယာဉ်လက်မှတ် ဝယ်ထားတယ်လို့ ဆိုပါတယ်။

နောက် ဥဇဘက်တဦးဖြစ်တဲ့ Abror Habibov ကတော့ သူတို့တွေ IS နဲ့ ပူးပေါင်းနိုင်ရေး အားထုတ်မှုအတွက် ငွေကြေးထောက်ပံ့ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ သူတို့ထဲက တယောက်ဟာ IS တွေအတွက် ဝါဒဖြန့်တဲ့ ဥဇဘက်ဝဘ်ဆိုဒ်မှာ ၂၀၁၄ သြဂုတ်လက ပါဝင်ရေးသားခဲ့ရာကစပြီး ဒီ ၃ ယောက်ကို သတိပြုမိခဲ့တယ်လို့ အမေရိကန် အရာရှိတွေက ဆိုပါတယ်။

Juraboev ဟာ IS က အမိန့်ပေးရင် မစ္စတာအိုဘားမားကို လုပ်ကြံမယ်လို့ ရေးသားထားတယ်လို့ ဆိုပါတယ်။ နောက်တယောက်ကတော့ ဆီးရီးယားသွားပြီး IS ထဲကို ဝင်ရောက်ဖို့ မဖြစ်နိုင်ဘူးဆိုရင် စက်သေနတ်တလက်ဝယ်ပြီး ရဲအရာရှိတွေနဲ့ FBI အရာရှိတွေကို ပစ်သတ်မယ်လို့ဆိုကြောင်း အာဏာပိုင်တွေက စွဲဆိုထားတာပါ။

သံသယရှိသူ ၃ ယောက်အနက် တယောက်က ငါဟာအမေရိကားမှာ ရှိနေပြီး လက်နက်မရှိဘူး၊ ဖြစ်နိုင်ရင် ဒီမှာရှိနေတုန်း မျှော်မှန်းထားတဲ့ သူရဲကောင်းအဖြစ် ခံယူချင်တယ်၊ ဆိုလိုတာက အိုဘားမားကိုပစ်မယ်၊ ပြီးတော့ ငါတို့ကိုယ်ငါတို့ ပစ်သတ်လိုက်မယ်ဆိုပြီး အွန်လိုင်းမှာ မက်ဆေ့ဂျ် ရေးသားထားတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG