သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှင်းမုန်တိုင်းကြောင့် အမေရိကန်သန်းနဲ့ချီ လျှပ်စစ်မီးပျက်


US-WEATHER-STORM
US-WEATHER-STORM

အမေရိကန် နေရာတော်တော်များများမှာ အသက်အန္တရာယ် ရှိလောက်အောင် အေးခဲနေပြီး၊ လေပြင်းတိုက်ခတ်မှုတွေကြောင့် သေဆုံးသူဟာ ၂၀ နီးပါးအထိ တိုးလာနေတယ်လို့ အမေရိကန်သတင်းတွေက ဖော်ပြကြပါတယ်။ လူပေါင်းသန်း ၂၀၀ ကျော်၊ နိုင်ငံရဲ့ ၃ ပုံ ၂ ပုံ လောက် နှင်းမုန်တိုင်းဒဏ်နဲ့ အေးခဲနေပြီး၊ တချို့နေရာတွေမှာ ဓါတ်အားလိုင်းတွေ ကျိုးကျတဲ့အတွက် မီးတွေပျက်နေပါတယ်။ ရာသီဥတု အေးခဲနေတဲ့အချိန် လူဦးရေ တသန်းခွဲလောက် လျှပ်စစ်မီးမရဘဲ ဖြစ်နေပြီး လေယာဉ်ခရီးစဉ်တွေလည်း ထောင်နဲ့ချီ ဖျက်ထားရပါတယ်။

နှစ်ပေါင်း ၃၀ ကျော်အတွင်း မကြုံစဖူး ဝင်ရောက်တဲ့ နှင်းမုန်တိုင်းကြောင့် တချို့နေရာတွေမှာ ရေတွေခဲနေသလို၊ တချို့နေရာတွေမှာ နှင်းတွေ အထူအထပ် ဖုံးလွှမ်းနေပါတယ်။ တချို့နေရာတွေမှာတော့ ရေကြီးနေပါတယ်။ အရှေ့ဘက်ကမ်းရိုးတမ်းတလျှောက်မှာ ရေမျက်နှာပြင် ၃ ပေလောက်အထိ မြင့်တက်နိုင်ကာ ရေကြီးနိုင်တယ်လို့ မိုးလေဝသဌာနက သတိပေးထားပါတယ်။

လေအေးတွေ တိုက်ခတ်နေတဲ့အတွက် အပြင်ထွက်ဖို့ လိုအပ်တယ်ဆိုရင် အဝတ်အစား ထူထူထဲထဲဝတ်ဆင်ပြီး တတ်နိုင်သမျှ အသားမပေါ်အောင် ဖုံးကာထားကြဖို့ အမေရိကန် မိုးလေဝသဌာနက သတိပေးထားပါတယ်။ မိနစ်ပိုင်းအတွင်း အသားတွေ နှင်းကိုက်သွားနိုင်တယ်လို့ ဒီနေ့ စနေနေ့မှာ သတိပေး ပြောကြားထားတာပါ။ လမ်းတွေပိတ်လို့ ခရီးမဆက်နိုင်ဖြစ်နေကြမယ့် ခရီးသည်တွေ၊ အိမ်ပြင်ထွက် အလုပ်လုပ်ရသူတွေ၊ ကျွဲနွားတွေနဲ့ အိမ်မွေးတိရိစ္ဆာန်တွေအတွက် အသက်သေစေလောက်တဲ့အထိ ဖြစ်နိုင်တာမို့ အထူးသတိရှိကြဖို့ ပြောပါတယ်။

ရာသီဥတုသတိပေးချက် ထုတ်ထားတဲ့နေရာတွေမှာ နေထိုင်နေသူက အမေရိကန်လူဦးရေရဲ့ ၃ ပုံ ၂ ပုံလောက်ရှိပါတယ်။ VOA ရုံးချုပ်ရှိတဲ့ ဝါရှင်တန်ဒီစီ မြို့တော်တဝိုက်မှာလည်း လွန်ကဲတဲ့ အအေးဒဏ်နဲ့ လေပြင်းတွေကြောင့် သစ်ပင်တွေကျိုးကျပြီး တချို့အိမ်တွေ ထိခိုက်ခဲ့ပါတယ်။

New York ပြည်နယ် Buffalo မြို့မှာ သောကြာနေ့ညနေပိုင်းထဲက အေးခဲလှတဲ့ လေပြင်းနဲ့အတူ နှင်းတွေကျနေတဲ့အတွက် အရေးပေါ်ကားတွေကလွဲလို့ ကျန်တဲ့ကားတွေအားလုံး လမ်းပေါ်မထွက်ရလို့ အာဏာပိုင်တွေ တားမြစ်ချက်ထုတ်ခဲ့ရပါတယ်။

=== Unicode =====






XS
SM
MD
LG