သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS စစ်သွေးကြွတွေအပေါ် အင်အားသုံး နှိမ်နင်းခွင့် လွှတ်တော်ထံ Kerry တောင်းခံ


IS အစ္စလာမ် စစ်သွေးကြွတွေကို အင်အားသုံး ဖြေရှင်းနိုင်ဖို့ အာဏာကို လွှတ်တော်က အပ်နှင်းပေးရေး အမေရိကန် သမ္မတ Barack Obama တောင်းဆိုထားတာကို၊ နိုင်ငံခြားရေးဝန်ကြီး John Kerry က အမေရိကန် အထက်လွှတ်တော်မှာ မနေ့က တင်ပြခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး Kerry က ဒီစစ်သွေးကြွတွေနဲ့ သူတို့နဲ့ပတ်သက်နေသူ ဘယ်သူကိုမဆို တိုက်ထုတ်ပစ်ဖို့ အမေရိကန်တွေအားလုံး တညီတညတ်ထဲ ရှိတယ်ဆိုတာအပေါ် သံသယကင်းစေနိုင်ဖို့ အခုလို လွှတ်တော်ဘက်ကလည်း အတည်ပြုပေးလိုတယ်လို့ နိုင်ငံခြားရေးကော်မတီကို တင်ပြခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး Kerry က လွှတ်တော်အမတ်တွေရဲ့ တညီတညွတ်ထဲ ရပ်တည်ပေးမှုကြောင့် ဒီ IS စစ်သွေးကြွတွေအနေနဲ့ တကယ့်အဖြစ်မှန်ကို နားလည်သွားလိမ့်မယ်လို့ ထောက်ပြခဲ့ပါတယ်။

Mr. Kerry ကပဲ ဒီစစ်သွေးကြွတွေ နားလည်ထားဖို့က သူတို့အနေနဲ့ ကျွန်တော်တို့ကို သွေးမခွဲနိုင်ဘူးဆိုတာပါပဲ၊ သွေးခွဲခွင့် မပြုသင့်ပါဘူး။ သူတို့အနေနဲ့ ကျွန်တော်တို့ကို မခြိမ်းခြောက်နိုင်ပါဘူး။ ကျွန်တော်တို့ကို အနိုင်ရဖို့ သူတို့ မမျှော်လင့်နိုင်ပါဘူးလို့ လွှတ်တော်မှာ ထုတ်ပြောခဲ့ပါတယ်။

တကယ်တော့ သမ္မတ Obama အနေနဲ့ ဒီ IS စစ်သွေးကြွတွေကို နှိမ်နင်းအရေးဖို့ တရားဝင်အာဏာ ပိုင်ဆိုင်ထားပြီးဖြစ်ပေမဲ့ လွှတ်တော်ဘက်ကပါ အတည်ပြုပေးနိုင်ရင် သမ္မတအနေနဲ့ အောင်မြင်တဲ့ စစ်ပွဲတွေ ဆင်နွှဲနိုင်ဖို့ ပိုပြီး လုပ်သာသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး Kerry က ဆက်ပြောခဲ့ပါတယ်။

Mr. Kerry ကပဲ အခု သမ္မတရဲ့ တောင်းဆိုချက်ကို စဉ်းစားရာမှာ ပါတီနိုင်ငံရေး ထည့်မတွက်ဖို့ တောင်းပန်ခဲ့ပါတယ်။ ဒီ IS စစ်သွေးကြွ ဆန့်ကျင်ရေးဟာ ပါတီနှစ်ခုလုံးရဲ့ ဘုံအကျိုးစီးပွား ဖြစ်တယ်လို့ Kerry က ဆက်ပြောခဲ့ပါတယ်။

XS
SM
MD
LG