သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်၊ အစ္စရေး ဆက်ဆံရေး ခိုင်မြဲမှု ခေါင်းဆောင် ၂ ဦး အတည်ပြု


သမ္မတ အိုဘားမား (Barack Obama) နဲ့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတာညာဟူး (Benjamin Netanyahu) တို့က အစ္စရေးနဲ့ ပါလက်စတိုင်းအကြား တိုက်ရိုက် ဆွေးနွေးနိုင်ရေးအတွက် သူတို့ သန္နိဋ္ဌာန် ချထားကြတဲ့အကြောင်း ထပ်လောင်း အတည်ပြု ပြောဆိုလိုက်ပြီး အမေရိကန်နဲ့ အစ္စရေး ဆက်ဆံရေး မပြေမလည် ဖြစ်နေတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့တော့ မမှန်ကန်ဘူးလို့ ငြင်းဆိုလိုက်ကြပါတယ်။

သမ္မတ အိုဘားမားနဲ့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတာညာဟူးတို့က အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေး အလားအလာနဲ့ ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတယ်လို့ အိမ်ဖြူတော်မှာ ကျင်းပတဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။ အစ္စရေး ဝန်ကြီးချုပ်က ပါလက်စတိုင်း ခေါင်းဆောင်ပိုင်းနဲ့ တကယ်ဆွေးနွေးဖို့ ဆန္ဒရှိကြောင်း ပြသခဲ့တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

မစ္စတာ နေတန်ညာဟူးက အစ္စရေးနဲ့ ပါလက်စတိုင်းအကြား တိုက်ရိုက် ဆွေးနွေးမှုတွေ စတင်ကြဖို့ အချိန်တန်ပြီလို့ ပြောပါတယ်။ မစ္စတာ နေတန်ညာဟူး ပြီးခဲ့တဲ့ မတ်လက နောက်ဆုံးတခေါက် ဝါရှင်တန်လာတုန်းက အာရပ်အများစု နေထိုင်ရာ အရှေ့ဂျေရုဆလင်မှာ ဂျူးတိုးချဲ့အိမ်ရာ အိမ်ခန်းပေါင်း ၁,၆၀၀ ဆောက်လုပ်မယ်လို့ ကြေညာပြီးချိန်က ဖြစ်ပါတယ်။ အမေရိကန် တာဝန်ရှိသူတွေက ဒီကြေညာချက်ကို ဝေဖန်ခဲ့ရာကနေ အမေရိကန်နဲ့ အစ္စရေးအကြား တင်းမာမှုတွေ ရှိလာခဲ့တာပါ။

ဒါပေမဲ့ အမေရိကန်နဲ့ အစ္စရေးအကြား တင်းမာမှုတွေ ရှိတယ်ဆိုတဲ့ သတင်းဟာ လုံးဝမမှန်ကြောင်း၊ ၂ နိုင်ငံအကြား ဆက်ဆံရေးဟာ နက်နဲ ကြွယ်ဝတယ်လို့ မစ္စတာ နေတန်ညာဟူးက ပြောပါတယ်။

သမ္မတ အိုဘားမားကတော့ အမေရိကန်နဲ့ အစ္စရေး ဆက်ဆံရေး ခိုင်မြဲမှုဟာ ချိုးဖျက်လို့ မရနိုင်ပါဘူးလို့ ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG