သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နျူကလီးယားအရေး အမေရိကန်နဲ့ အစ္စရေးလ် အမြင်တူ


သမ္မတ အိုဘားမားနဲ့ အစ္စရေးလ်ဝန်ကြီးချုပ် ဘန်ယာမင် နတန်ယာဟု တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ် (၂၀ မတ် ၂၀၁၃)
သမ္မတ အိုဘားမားနဲ့ အစ္စရေးလ်ဝန်ကြီးချုပ် ဘန်ယာမင် နတန်ယာဟု တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ် (၂၀ မတ် ၂၀၁၃)
အီရန်နိုင်ငံအနေနဲ့ နျူကလီးယားလက်နက် ထုတ်လုပ်လာနိုင်ချေ အလားအလာ ဘယ်လောက်အထိ နီးစပ်လာသလဲ ဆိုတဲ့အပေါ် အမေရိကန် ပြည်ထောင်စုနဲ့ အစ္စရေးလ်တို့ အကဲဖြတ်ချက်တွေဟာ သိပ်ပြီးတော့ ကွာဟမှု မရှိဘူးလို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောလိုက်ပါတယ်။

အမေရိကန်လို ရင်းနှီးတဲ့ မဟာမိတ်နိုင်ငံတွေ ဖြစ်ပါစေ၊ အစ္စရေးလ်အနေနဲ့ လိုအပ်လို့ စစ်ရေးအရ အရေးယူမယ် ဆုံးဖြတ်ထားရင် ဒီဆုံးဖြတ်ချက်အတိုင်း ချက်ခြင်းလုပ်မယ်လို့ သူထင်တဲ့အကြောင်းလည်း သမ္မတ အိုဘားမား က မနေ့တုန်းက ဂျေရုဆလင်မှာ အစ္စရေးလ် ဝန်ကြီးချုပ် ဘန်ယာမင် နတန်ယာဟု (Benjamin Netanyahu) နဲ့အတူလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။

အီရန်နိုင်ငံ နျူကလီးယားလက်နက် မပိုင်ဆိုင်ရေးအတွက် အမေရိကန် ပြည်ထောင်စု အနေနဲ့ ဖြစ်နိုင်သမျှ နည်းလမ်းအားလုံး အသုံးပြုမယ်ဆိုတာကို ထပ်ပြောပါတယ်။ ဒါပေမဲ့လို့ အခုအချိန်အထိတော့ သံတမန်ရေးအရ ဖြေရှင်းနိုင်ချေ ရှိနေတုန်းပဲလို့ ဆိုပါတယ်။

အီရန်အနေနဲ့ အစ္စရေးလ် ဂျူးနိုင်ငံတည်ရှိမှုကို ဖျက်ဆီးသွားမယ်လို့ ပြောနေတာကြောင့်၊ အီရန်နျူကလီးယား လက်နက်ဟာ အစ္စရေးလ် တည်ရှိမှုကို ခြိမ်းခြောက်နေတယ်လို့ အစ္စရေးလ်ဘက်က ယူဆထားတာပါ။ အီရန်ဘက်ကတော့ သူတို့ရဲ့ နျူကလီးယား အစီအစဉ်ဟာ အရပ်ဘက်သက်သက် သုတေသန လုပ်ငန်းတွေနဲ့ လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှုတို့အတွက် ရည်ရွယ်တာဖြစ်တယ်လို့ အခိုင်အမာ ငြင်းချက်ထုတ်နေပါတယ်။

အီရန်အနေနဲ့ နျူကလီးယားလက်နက် ထုတ်ဖို့ ဆုံးဖြတ်ရင် တနှစ်လောက်အတွင်း မှာ နျူကလီးယားဗုံး ထုတ်လုပ်နိုင်ချေ ရှိတယ်ဆိုတဲ့ အကဲဖြတ်ချက်ဟာ သူရော သမ္မတ အိုဘားမားမှာပါ အမြင် သဘောထားတူတယ်လို့ မစ္စတာ နတန်ယာဟု က ပြောခဲ့ပါတယ်။

အီရန်ဘက်က ယူရေနီယံ သန့်စင်မှုတွေ ဆက်လုပ်နေတာဟာလည်း သီးခြားကိစ္စရပ် တခုဖြစ်တယ်လို့ သူက ပြောပါတယ်။ အီရန်က ယူရေနီယံသန့်စင်မှုတွေ လုပ်ရင်းကနေ တဖြေးဖြေးနဲ့ စစ်ရေးအရပါ အရေးယူ ကိုင်တွယ်လို့မရတဲ့ အဆင့်အထိ ရောက်လာလိမ့် မယ်လို့ အစ္စရေးလ်ဝန်ကြီးချုပ်က သတိပေးပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ကုလသမဂ္ဂ အထွေထွေ ညီလာခံအတွင်းမှာပဲ အီရန်ဟာ နောက်နှစ်လယ်လောက်ဆိုရင် တားမရအောင် အန္တရာယ်ရှိတဲ့ အဆင့်အထိ ရောက်လာနိုင်တယ်လို့ မစ္စတာ နတန်ယာဟု က သတိပေးခဲ့ပါတယ်။
XS
SM
MD
LG