သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ကူညီထောက်ပံ့မှုအားလုံး ရပ်ထားဖို့ ညွှန်ကြားစာပေါက်ကြား

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio (Photo by ANDREW CABALLERO-REYNOLDS / AFP)
Hours
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio (Photo by ANDREW CABALLERO-REYNOLDS / AFP) Hours

အမေရိကန်ပြည်ထောင်စုက ပေးနေသမျှ နိုင်ငံတကာ ကူညီထောက်ပံ့မှုအားလုံးနီးပါးကို ရပ်ဆိုင်းရမယ်လို့၊ ပေါက်ကြားလာတဲ့ နိုင်ငံခြားရေးဝန်ကြီး Marco Rubio ရဲ့ ရုံးတွင်းပေးစာမှာ ညွှန်ကြားထားပါတယ်။

အရေးပေါ်စားနပ်ရိက္ခာအကူအညီနဲ့ အစ္စရေးနဲ့ အီဂျစ်အတွက်ပေးနေတဲ့ စစ်ရေးအကူအညီကလွဲလို့ လက်ရှိပေးနေတဲ့ ထောက်ပံ့ကူညီမှုအားလုံးနဲ့ နောက်ထပ်ပေးမယ့် အကူအညီအားလုံးကို ရပ်ထားပါလို့ နိုင်ငံခြားရေးဌာနတွင်း ရုံးတွင်းပေးစာမှာ နိုင်ငံခြားရေးဝန်ကြီး Rubio ကပြောထားပါတယ်။ ပြန်လည်သုံးသပ်မှု မပြီးမချင်း အမေရိကန်အထောက်အပံ့နဲ့ လုပ်နေတဲ့ လုပ်ငန်းတွေအားလုံးကို ချက်ချင်းရပ်ဆိုင်းထားလိုက်ရမှာ ဖြစ်ပါတယ်။ နိုင်ငံခြားထောက်ပံ့ကူညီမှုတွေက သူ့ရဲ့နိုင်ငံခြားရေးမူဝါဒနဲ့ ကိုက်မကိုက် စိစစ်သုံးသပ်ဖို့ အထောက်အပံ့အားလုံးကို ရက် ၉၀ ရပ်ထားဖို့ သမ္မတသစ် Donald Trump က သမ္မတ တာဝန်ယူတဲ့နေ့မှာပဲ အမိန့်ထုတ်ခဲ့တာပါ။

ကမ္ဘာမှာ အမေရိကန်ပြည်ထောင်စုဟာ နိုင်ငံတကာကူညီထောက်ပံ့မှုတွေကို အများဆုံးပေးနေတဲ့ နိုင်ငံ ဖြစ်ပါတယ်။ နိုင်ငံတကာ အကူအညီတွေကို ပြန်လည်သုံးသပ်ပြီးရင် တချို့အကူအညီတွေကို လျှော့ချတာ ရပ်ဆိုင်းတာတွေ လုပ်နိုင်တာကြောင့် လက်ရှိအကူအညီရနေတဲ့ အဖွဲ့အစည်းတွေ စိုးရိမ်နေကြတယ်။ မြန်မာနိုင်ငံမှာလည်း ကျန်းမာရေး၊ ပညာရေးနဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုအပေါ် သက်ရောက် ထိခိုက်မှာကို စိုးရိမ်နေကြပါတယ်။ နိုင်ငံတကာမှာ ဒီမိုကရေစီအရေး၊ လွတ်မြောက်ရေး၊ လူ့အခွင့်အရေး ကြိုးပမ်းနေတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေအပေါ် ထိခိုက်မှုရှိနိုင်သလို၊ HIV/ AIDS အပါအဝင် ကူးစက်ရောဂါ တားဆီးရေးနဲ့ စောင့်ရှောက်ရေးကိစ္စတွေကိုပါ ထိခိုက်နိုင်တာကြောင့် ကမ္ဘာပေါ်က သန်းပေါင်းများစွာသော လူတွေအပေါ် သက်ရောက်မှု ရှိနိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။ အမေရိကန် ထောက်ပံ့ကူညီမှုတွေကို ရပ်ဆိုင်းထားလိုက်ရင် အမေရိကန်နဲ့ ပူးတွဲဆောင်ရွက်နေတဲ့ မိတ်ဘက်တွေအနေနဲ့ တခြားအထောက်အပံ့တွေကို ရှာရမှာ ဖြစ်တာကြောင့် ပြိုင်ဘက်နိုင်ငံတွေ၊ ရန်သူနိုင်ငံတွေက နေရာဝင်ယူနိုင်ပြီး ကမ္ဘာမှာ အမေရိကန်ရဲ့ ထိပ်တန်းရောက်မှု အားလျော့သွားမယ်လို့ ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

အခုလို နိုင်ငံတကာ အကူအညီတွေကို ချက်ချင်းရပ်လိုက်မယ်ဆိုရင် လူတွေအများကြီး သေလိမ့်မယ်လို့ အမေရိကန်အစိုးရရဲ့ နိုင်ငံတကာ ထောက်ပံကူညီရေးအေဂျင်စီ USAID ရဲ့ အရာရှိဟောင်းလည်းဖြစ်၊ လက်ရှိမှာ နိုင်ငံတကာဒုက္ခသည်များအဖွဲ့ Refugees International ရဲ့အကြီးကဲလည်းဖြစ်တဲ့ Jeremy Konyndyk က ပြောဆိုပါတယ်။ ယူကရိန်းမှာ တာဝန်ထမ်းဆောင်နေပြီး အမည်မဖေါ်လိုတဲ့ USAID တာဝန်ရှိသူတဦးက သူတို့ လုပ်ဆောင်နေတာတွေအားလုံးကို ချက်ခြင်းရပ်ဖို့ ညွှန်ကြားခံရတယ်လို့ ပြောပါတယ်။

This item is part of

Forum

XS
SM
MD
LG