သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းမှာ အမေရိကန်နိုင်ငံသားတွေ လုံခြုံရေးသတိရှိဖို့ သံရုံးထုတ်ပြန်


၂၀၁၅ ခုနှစ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ လူစည်ကားရာ ဧရာဝဏ် လေးမျက်နှာ ဘုရားမှာ ဗုံးဖေါက်ခွဲတိုက်ခိုက်မှုဖြစ်ခဲ့အပြီး မြင်ကွင်း (ဩဂုတ် ၁၈၊ ၂၀၂၅)
၂၀၁၅ ခုနှစ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ လူစည်ကားရာ ဧရာဝဏ် လေးမျက်နှာ ဘုရားမှာ ဗုံးဖေါက်ခွဲတိုက်ခိုက်မှုဖြစ်ခဲ့အပြီး မြင်ကွင်း (ဩဂုတ် ၁၈၊ ၂၀၂၅)

ထိုင်းနိုင်ငံမှာရှိတဲ့ အမေရိကန်နိုင်ငံသားတွေကို လုံခြုံရေးသတိရှိကြဖို့ ဘန်ကောက်မှာရှိတဲ့ အမေရိကန်သံရုံးက လုံခြုံရေးသတိပေးချက် ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

ထိုင်းနိုင်ငံကို ထွက်ပြေးလာကြတဲ့ ဝိဂါ ၄၅ ယောက်ကို တရုတ်လက်ကို ထိုင်းအစိုးရက လွှဲပြောင်းပေးခဲ့ပြီးနောက်မှာ အမေရိကန်သံရုံးက အခုလို သတိပေးချက် ထုတ်လိုက်တာဖြစ်ပါတယ်။ အရင်က အလားတူ လွှဲပြောင်းမှု လုပ်ခဲ့ပြီးနောက် လက်တုံ့ပြန်တဲ့အနေနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ဖူးတယ်လို့ သံရုံး ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။

၂၀၁၅ ခုနှစ်က အလားတူ ဝီဂါတွေကို နေရပ်ပြန်ပို့ခဲ့ပြီးမကြာခင် ဘန်ကောက်မြို့လယ်က တရုတ်ခရီးသွားတွေ အသွားများတဲ့ ဧရာဝဏ် လေးမျက်နှာ ဘုရားမှာ ဗုံးဖေါက်ခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လူ ၂၀ လောက်သေဆုံးကာ ၁၂၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့ဖူးတာကို ထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။ ဒါကြောင့် အမေရိကန်နိုင်ငံသားတွေအနေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေ အသွားများတဲ့နေရာတွေ၊ လူစည်ကားတဲ့နေရာတွေသွားရင် အထူးသတိရှိကြဖို့ သံရုံးက အကြံပြုထားပါတယ်။

တရုတ်နိုင်ငံမှာ လူနည်းစုဖြစ်တဲ့ ဝီဂါမွတ်ဆလင်တွေအပေါ် တရုတ်အစိုးရက စနစ်တကျလူ့အခွင့်အရေးချိုးဖောက်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ထားချိန်မှာ ထိုင်းအစိုးရက ဝီဂါ ၄၀ ကျော်ကို ပြန်ပို့လိုက်တာပါ။ အခုလိုပြန်ပို့တဲ့အပေါ် အမေရိကန်ပြည်ထောင်စုအနေနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio က ကြာသပတေးနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။

ပြန်ပို့ခံရသူတွေအနေနဲ့ တရုတ်နိုင်ငံထဲမှာ လူ့အခွင့်ရေး ချိုးဖောက်ခံရတာ၊ ဖိနှိပ်ခံရတာ၊ နှောက်ယှက်တာ၊ အဓမ္မခိုင်းစေတာနဲ့ နှိပ်စက်ညှင်းပမ်းတာတွေ ခံရနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

တရုတ်နိုင်ငံကနေ ထွက်ပြေးလာကြတဲ့ ဝီဂါ ၃၀၀ ကို ၂၀၁၄ ခုနှစ်ထဲက ထိုင်းအစိုးရက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဝီဂါ ၁၀၉ ယောက်ကို ထိုင်းအစိုးရက အတင်းပြန်ပို့ခဲ့သလို တချို့ကို တူရကီနိုင်ငံကို ပို့ခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ ဆက်လက်ဖမ်းဆီးထားသူထဲက ၄၀ ကျော်ကို ကြာသပတေးနေ့က တရုတ်နိုင်ငံကို ပြန်ပို့ခဲ့တာဖြစ်ပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေက ၄၈ ယောက်ပြန်ပို့တယ်လို့ ပြောနေကြသလို အမေရိကန်သံရုံးထုတ်ပြန်ချက်မှာ ၄၅ ယောက်လို့ ဖော်ပြထားတဲ့အတွက် အတိအကျ ဘယ်လောက်ပြန်ပို့တယ်ဆိုတာ မရှင်းသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG