သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-ဂျပန်မဟာမိတ် အာရှငြိမ်းချမ်းရေးအုတ်မြစ်


သမ္မတအိမ်ဖြူမှာ ဂျပန်ဝန်ကြီးချုပ် Shinzo Abe နဲ့ သမ္မတ Trump တွေ့ဆုံ။
သမ္မတအိမ်ဖြူမှာ ဂျပန်ဝန်ကြီးချုပ် Shinzo Abe နဲ့ သမ္မတ Trump တွေ့ဆုံ။

အမေရိကန်ပြည်ထောင်စုနဲ့ ဂျပန် ၂ နိုင်ငံကြားမိတ်ဆွေအဖြစ် တည်ရှိမှုဟာ အလွန့်အလွန် နက်ရှိုင်းပါတယ်လို့ သမ္မတ Donald Trump က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ၂ နိုင်ငံကြား မဟာမိတ်ဖြစ်တည်မှုဟာ အရှေ့အာရှဒေသတွင်း ငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ် ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ဂျပန်နိုင်ငံနဲ့ ဂျပန်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတဲ့ဒေသအားလုံး လုံခြုံမှုရှိစေဖို့နဲ့၊ ၂ နိုင်ငံရဲ့ သိပ်အရေးပါတဲ့ မဟာမိတ်ဖြစ်မှု ပိုမိုခိုင်မာလာအောင် လုပ်ဖို့ သံန္နိံဌာန်ချခဲ့ ကြတယ်လို့လည်း သမ္မတအိမ်ဖြူမှာ ဂျပန်ဝန်ကြီးချုပ် Shinzo Abe နဲ့ ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတ Trump က ပြောပါတယ်။

ဝန်ကြီးချုပ် Abe ကတော့ သူတို့ ၂ ဦးဟာ စီးပွါးရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်အသစ်အတွက် သဘောတူညီမှု ရခဲ့သလို TPP ပစိဖိတ် ရပ်ဝန်း ကုန်သွယ်ရေး သဘောတူညီချက်ဟာလည်း ဆွေးနွေးမယ့် အချက်တွေထဲမှာ ပါဝင်တယ်လို့ ပြောပါတယ်။ Trump ကတော့ ၂ နိုင်ငံကြား ဘယ်ကုန်သွယ်ဆက်ဆံရေးမဆို လွတ်လပ် မျှတပြီး အပြန်အလှန် အပေးအယူရှိရမှာ ဖြစ်ကြောင်း ပြောကြားခဲ့တာပါ။

TPP သဘောတူညီမှုကနေ နှုတ်ထွက်ဖို့ သမ္မတ Trump ရဲ့ ဆုံးဖြတ်ချက်ကနေ ရိုက်ခတ်လာမယ့် ဂယက်အပြင်၊ “အမေရိကန်သာ- ပထမ” ဆိုတဲ့ Trump ရဲ့ မဟာဗျူဟာ၊ အာရှဒေသအပေါ် သက်ရောက်မှု ရှိမှာကို ဂျပန်နိုင်ငံက စိုးရိမ်နေတာဖြစ်ပါတယ်။

ဒါ့အပြင် စီးပွါးရေးဦးမော့လာစေဖို့ ၂ နိုင်ငံ ပူးတွဲလုပ်ဆောင်မှုနဲ့ အခြေခံအဆောက်အအုံတွေမှာ ပုဂ္ဂလိကနဲ့ အများပိုင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ တွေကနေ တဆင့် အမေရိကန် နိုင်ငံတွင်း အလုပ်အကိုင်ပေါင်း ထောင်သောင်းချီ ဖန်တီးနိုင်မယ်လို့ မျှော်လင့်ထားကြောင်းလည်း ဂျပန် ဝန်ကြီးချုပ် Abe ကပြောပါတယ်။

ခေါင်းဆောင် ၂ ဦးဟာ သမ္မတအိမ်ဖြူမှာ သောကြာနေ့မနက်ပိုင်းမှာ စတင်တဲ့ ၂ ရက်ကြာဆွေးနွေးမှု ကနေ ကာလကြာရှည်စွာ ထားရှိခဲ့တဲ့ လုံခြုံရေးဆိုင်ရာ သဘောတူညီချက်ကို ပြန်လည်အားဖြည့်ဖို့နဲ့ ၂ နိုင်ငံ စီးပွါးဆက်ဆံရေး တိုးမြှင့်ဖို့ အခွင့်အလန်းတွေ ရလာစေတာပါ။

သမ္မတ Trump နဲ့ ဂျပန်ဝန်ကြီးချုပ် Abe တို့ဟာ သူတို့ရဲ့ ဇနီးသည်တွေနဲ့ အတူ သောကြာနေ့ နေ့လည်မှာ လေယာဉ်နဲ့ ဖလော်ရီဒါက Palm Beach ကို သွားရောက်ကြပြီး ဒီ စနေတနင်္ဂနွေ Trump ရဲ့ Mar-a-Lago စံအိမ်မှာနေထိုင်ကြမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG