အမေရိကန်၊ သြစတြေးလျ၊ ဂျပန်နိုင်ငံတို့က ရေတပ်ဖွဲ့တွေ ဒီသီတင်းပတ်ထဲ ပူးတွဲစစ်ရေးလေ့ကျင့်မယ်လို့ ဖိလစ်ပိုင် တာဝန်ရှိသူတွေက ဒီနေ့ပဲ ပြောလိုက်ပါတယ်။ ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်နဲ့ ဖိလစ်ပိုင် မကြာသေးခင်ကပဲ ထိပ်တိုက်ရင်ဆိုင် တိုးခဲ့ပြီးနောက် ဒေသတွင်းမှာ တရားဥပဒေ စိုးမိုးမှုကိုပြသဖို့ ပူးတွဲစစ်ရေးလေ့ကျင့်မှာ ဖြစ်တယ်လို့လည်း ဖိလစ်ပိုင်လုံခြုံရေး တာဝန်ရှိသူကို ကိုးကားပြီး AP သတင်းက ဖော်ပြခဲ့တာပါ။
ဒီလ ၅ ရက်နေ့မှာတုန်းက ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ ရေပြင်က ကျွန်းတကျွန်းပေါ်ကိုသွားတဲ့ ဖိလစ်ပိုင် ထောက်ပို့သင်္ဘောတွေကို တရုတ်ကမ်းစောင့် သင်္ဘောတွေက မီးသတ်ရေပိုက်တွေသုံးပြီး ဟန့်တားဖို့ ကြိုးပမ်းခဲ့ရာက တင်းမာမှုတွေ ကြုံခဲ့ရပါတယ်။
၄ နိုင်ငံ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာတော့ လေယာဉ်နဲ့ ရဟတ်ယာဉ်တင် စစ်သင်္ဘော ၃ စင်း ပူးတွဲပြီး အင်အားပြဖို့ စီစဉ်ထားတာပါ။ ပင်လယ်ပြင်မှာ ပူးတွဲလေ့ကျင့်ပြီးတဲ့အခါ သက်ဆိုင်ရာ ရေတပ်တပ်မှူးတွေ မနီလာမြို့တော်မှာ ဖိလစ်ပိုင်တပ်မှူးတွေနဲ့ တွေ့ဆုံမယ်လို့လည်း အမည်မဖော်လိုသူ ဖိလစ်ပိုင် လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
ပူးတွဲလေ့ကျင့်မှုအတွက် အမေရိကန်က the USS America လေယာဉ်တင်သင်္ဘော၊ ဂျပန်နိုင်ငံက အကြီးဆုံးစစ်သင်္ဘောတစင်းဖြစ်တဲ့ ရဟတ်ယာဉ်တင် JS Izumo နဲ့ သြစတြေးလျနိုင်ငံက HMAS Canberra ရဟတ်ယာဉ်တင် သင်္ဘောတွေ ပါဝင်မယ်လို့လည်း ပြောပါတယ်။