အမေရိကန်ကြည်းတပ် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Martin Dempsey ဟာ သမိုင်းတွင်မယ့် ခရီးစဉ်တခုအနေနဲ့ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တော်မှာ ဒီကနေ့ရောက်နေပါတယ်။ ဒါဟာဖြင့် အမေရိကန်တပ်ဖွဲ့ဝင် သုံးသိန်းနီးပါး ပါဝင်တိုက်ခိုက်ပြီး ၁၉၇၅ ခုနှစ်၊ ဧပြီလမှာ အဆုံးသတ်ခဲ့တဲ့ ဗီယက်နမ်စစ်ပွဲကာလ ၁၉၇၁ ခုနှစ်ကတည်းကနေဆိုရင် အဆင့်အမြင့်ဆုံး အမေရိကန် စစ်ဘက်အရာရှိတဦးရဲ့ ဗီယက်နမ်ခရီးစဉ်ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီး Dempsey ဟာ ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Tan Dung, ကာကွယ်ရေးဝန်ကြီး Phung Quang Thanh တို့ နဲ့လည်း ဒီကနေ့မှာ တွေ့ဆုံခဲ့ပါတယ်။ တံခါးပိတ် အစည်းအဝေးပွဲထဲကို မဝင်ခင်မှာ Dempsey က ဒီ ခရီးစဉ်ဟာ သူအလုပ်သက်တမ်းတစ်လျောက် မှတ်မှတ်ရရဖြစ်စေမယ့် ခရီးစဉ်ပါပဲလို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးလည်း ဒီ ဆွေးနွေးပွဲကနေပြီး ပင်လယ်ပြင်လုံခြုံရေး၊ ရှာဖွေရေး နဲ့ ကယ်ဆယ်ရေး၊ အတိတ်က စစ်ပွဲဖြစ်ရပ်တွေကို ကျော်ဖြတ်ဖို့ အတွက် စစ်တပ်ချင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်နိုင်မယ် အခြေအနေတွေကို ရှာဖွေမယ် လို့ ပြောသွားပါတယ်။
နှစ်နိုင်ငံအကြား ကုန်သွယ် ဆက်ဆံရေးဟာ ၁၉၉၅ ခုနှစ် ကစပြီး တိုးတက်ကောင်းမွန်လာပေမဲ့ ဗီယက်နမ်ကို လက်နက်ရောင်းဖို့ အမေရိကန် က ပိတ်ပင်ထားတဲ့ အတွက် နှစ်နိုင်ငံစစ်တပ်အကြား ဆက်ဆံရေး နှောင့်နေးခဲ့ရတာပါ။ ဒီ ၁၉၇၅ ခုနှစ် စစ်ပွဲကာလတွေ ကတည်းက ပိတ်ပင်မှု ကို မကြာခင်မှာပဲ အမေရိကန် ပြည်ထောင်စု အနေနဲ့ ဖယ်ရှားပေးမယ့်လို့ တွက်ဆမှုတွေလည်း ရှိနေပါတယ်။
ဗီယက်နမ်နဲ့ တရုတ်နိုင်ငံအကြား ရေပြင်နယ်နိမိတ်ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုရှိနေချိန်မှာပဲ အမေရိကန်စစ်ဘက်အရာရှိကြီးရဲ့ အခုခရီးစဉ်ဖြစ်လာတာပါ။ သူဟာ ဗီယက်နမ်စစ်ပွဲအတွင်းက ဒန်နန်း (Danang) မှာ ရှိတဲ့ အမေရိကန် စစ်အခြေစိုက်စခန်းဟောင်းတခုဆီ ကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။
အဲဒီမှာ စစ်ပွဲအတွင်း က ဗီယက်နမ် ပျောက်ကြားတွေကို တိုက်ဖို့ အမေရိကန် လေတပ်က ကြဲချခဲ့တဲ့ (Agent Orange ) လို့ ခေါ်တဲ့ သစ်ရွက်ကြွေဆေး ရဲ့ အန္တရာယ်ဖြစ်စေတဲ့ အာနိသင်တွေကို ရှင်းလင်းဖို့ သွားရောက်မှာပါ။ ဗီယက်နမ် က ဒီ ဓာတုပစ္စည်းကြောင့် သူ့နိုင်ငံသား အနည်းဆုံး သုံးသန်းလောက် ထိခိုက်ခဲ့ရပြီး ဒီဆေး နဲ့ ထိတွေ့မှုကြောင့် လူတစ်သန်းလောက်ဟာ အခု အချိန်ထိ ကျန်းမားရေး ပြဿနာတွေ ခံစားနေရတယ်လို့ ဆိုပါတယ်။