IS အကြမ်းဖက်အဖွဲ့ရဲ့ နံပတ် ၂ ခေါင်းဆောင်ကို အီရတ်အစိုးရနဲ့ ပူးပေါင်းပြီး အမေရိကန်က သုတ်သင်လိုက်ပါတယ်။ အီရတ်နိုင်ငံက ဝရမ်းပြေး IS ခေါင်းဆောင်ကို သတ္တိပြောင်မြောက်တဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေက မနားမနေ လိုက်လံရှာဖွေပြီး သုတ်သင်နိုင်ခဲ့တယ်လို့ သမ္မတ Doanld Trump ကလည်း သူ့ရဲ့ လူမှုကွန်ရက်တွေမှာ ကြေညာခဲ့ပါတယ်။
အီရတ်အစိုးရ၊ ကဒ်ဒေသအစိုးရတို့နဲ့ အမေရိကန်တို့ ပူးပေါင်းသုတ်သင်တဲ့ စစ်ဆင်ရေးအတွင်း နောက်ထပ် IS အဖွဲ့ဝင်တယောက်ကိုလည်း ရှင်းလင်းနိုင်ခဲ့တယ်လို့ သမ္မတ Trump က ပြောကြားခဲ့ပါတယ်။
နိုင်ငံတကာ IS အဖွဲ့ရဲ့ ဒုတိယခေါင်းဆောင်ဖြစ်သူ Abu Khadijah လို့ သိကြတဲ့ Abdallah Makki Muslih al-Rifai နဲ့ နောက် IS တယောက်ကို မတ်လ ၁၃ ရက်နေ့က Al Anbar ဒေသမှာ လေကြောင်းကနေ အတိအကျ တိုက်ခိုက်ရှင်းလင်းခဲ့တယ်လို့ အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်စစ်တပ် ကွပ်ကဲရေးဌာနချုပ်ကလည်း သတင်းထုတ်ပြန်ပါတယ်။ အီရတ်ထောက်လှမ်းရေး၊ အီရတ်လုံခြုံရေးတပ်တွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
Abu Khadijah ဟာ ကမ္ဘာတဝန်းက IS လုပ်ငန်းတွေအတွက် အရေးအပါဆုံးသူတယောက်ဖြစ်ကြောင်းနဲ့ အကြမ်းဖက်သမားတွေကို အမေရိကန်က ဆက်လက်သုတ်သင်ရှင်းလင်းပြီး၊ အမေရိကန်ပြည်တွင်းနဲ့ အမေရိကန်နိုင်ငံသားတွေ၊ အမေရိကန် မဟာမိတ်တွေအတွက် အန္တရာယ်ရှိတဲ့ အဖွဲ့အစည်းတွေ ပြိုပျက်သွားအောင် ဆက်လက်လုပ်သွားမှာ ဖြစ်တယ်လို့ အရှေ့အလယ်ပိုင်းဆိုင်ရာ တပ်မှုးကြီးဖြစ်သူ ဗိုလ်ချုပ်ကြီး Michael Erik Kurilla က ကြေညာချက်ထဲမှာ ပြောထားပါတယ်။
ကမ္ဘာတဝန်း IS အဖွဲ့ရဲ့ တိုက်ခိုက်ရေးလုပ်ငန်းတွေ၊ ထောက်ပို့ရေးနဲ့ အစီအစဉ်တွေကို Abu Khadijah က ဆုံးဖြတ်ညွှန်ကြားသူဖြစ်ပြီး အဖွဲ့ရဲ့ အရေးကြီးတဲ့ ဘဏ္ဍာရေးဆိုင်ရာပိုင်းကိုလည်း ညွှန်ကြားနေသူ ဖြစ်တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။
သူ့ကို သုတ်သင်နိုင်ခဲ့တာဟာ လုံခြုံရေးအရ ထူးခြားတဲ့အောင်မြင်မှုတခု ဖြစ်တယ်လို့ အီရတ်ဝန်ကြီးချုပ် Mohammed Shia al-Sudani က X လူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။
Forum