သုံးရလွယ်ကူစေသည့် Link များ

မြောက်ကိုရီးယား မြန်မာ စစ်ရေး ဆက်ဆံမှု အမေရိကန် စိုးရိမ်ဆဲ


မြောက်ကိုရီးယား (Dumangang) သင်္ဘော ဗိုလ်အောင်ကျော် ဆိပ်ကမ်းမှာ ဆိုက်ကပ်လာ။ ( ဇူလိုင် ၅၊ ၂၀၀၉၊ တနင်္ဂနွေ)။
မြောက်ကိုရီးယား (Dumangang) သင်္ဘော ဗိုလ်အောင်ကျော် ဆိပ်ကမ်းမှာ ဆိုက်ကပ်လာ။ ( ဇူလိုင် ၅၊ ၂၀၀၉၊ တနင်္ဂနွေ)။
မြန်မာနိုင်ငံအနေနဲ့ မြောက်ကိုရီယားနဲ့ စစ်ရေးဆက်ဆံမှုတွေ လုံးလုံး မပြတ်သေးဘူးဆိုတဲ့ သဘော အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။ မြန်မာအစိုးရအနေနဲ့ လက်နက် မပြန့်ပွားရေး ဆိုင်ရာ လိုက်နာရမယ့် နိုင်ငံတကာဆုံးဖြတ်ချက်တွေကို အပြည့်အ၀ လေးစားလိုက်နာဖို့ အရေးကြီးတယ်ဆိုတာကို အမေရိကန်ပြည်ထောင်စုအနေနဲ့ စဉ်ဆက်မပြတ် သတိပေး တိုက်တွန်းနေတယ် လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ဗွီအိုအေကို Email က တဆင့် ပေးပို့ အကြောင်းပြန်ခဲ့တာပါ။ မြောက်ကိုရီယားနိုင်ငံနဲ့ လက်နက်ရောင်းဝယ်မှုတွေကို တားမြစ်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၇၁၈၊ ၁၈၇၄၊ ၂၀၈၇ နဲ့ ၂၀၉၄ တို့ကို မြန်မာ အနေနဲ့ လေးစား လိုက်နာဖို့ဖြစ်တယ် လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့တုန်းက အမေရိကန် West Point စစ်တက္ကသိုလ်မိန့်ခွန်းထဲ သမ္မတအိုဘားမား ပြောရာမှာတော့ မြန်မာနိုင်ငံဟာ အမေရိကန်နဲ့ သူ့မဟာမိတ်တွေနဲ့ ထိစပ်ဆက်ဆံဖို့ မြောက်ကိုရီးယားနဲ့ မိတ်ဖက် အဖြစ်ကနေ ခြေလှမ်းခွာ လာပြီလို့တော့ ချီးကျူးထားပါတယ်။ သမ္မတအိုဘားမားရဲ့ အခုလို ပြောဆိုချက် အပြီး နောက်တနေ့မှာပဲ၊ အမေရိကန်နိုင်ငံခြားရေးဌာနက အခုလို ထုတ်ပြန်ခဲ့တာပါ။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို လေးစား လိုက်နာပါ့မယ်လို့ သမ္မတဦးသိန်းစိန်က လူသိရှင်ကြား ကတိပေးပြောခဲ့ သလိုပဲ၊ မြန်မာအစိုးရအနေနဲ့ ဒီ ကတိကဝတ်အတိုင်း လိုက်နာဆောင်ရွက် လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေး ဌာနက ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားနဲ့ဒုံးလက်နက်အစီအစဉ်တွေ ရှေ့တိုးဆောင်ရွက်လို့မရဖို့၊ လက်နက်ပြန့်ပွားမှုတွေ မဖြစ်လာအောင်လို့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် လိုက်နာအကောင်အထည်ဖော်ရေးအတွက် အမေရိကန်ပြည်ထောင်စု အနေနဲ့ကတော့ အခြားမိတ်ဖက်နိုင်ငံတွေ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့အတူ ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း နိုင်ငံခြားရေးဌာန
ကြေညာချက်မှာပါရှိပါတယ်။

မြန်မာနိုင်ငံအနေနဲ့ လက်ရှိသွားနေတဲ့ နိုင်ငံရေး စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ အပေါ်မှာ အမေရိကန်အစိုးရတာဝန်ရှိသူတွေက ချီးကျူးပြောနေကြသလို တချိန်တည်းမှာပဲ ဒီ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်ဖို့နဲ့ မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှုတွေ မလုပ်ဖို့ တိုက်တွန်းလျှက်ရှိပါတယ်။ ဒါပေမယ့် မြန်မာနဲ့ မြောက်ကိုရီးယားတို့အကြား စစ်ရေးဆက်ဆံမှုတွေ မပြတ်သေးဘူးဆိုတဲ့ သတင်းတွေအပေါ်မှာ၊ အမေရိကန်အစိုးရပိုင်းရော လွှတ်တော်မှာပါ မကြာမကြာ စိုးရိမ်မကင်း ပြောဆိုမှုတွေ ရှိနေပါတယ်။
XS
SM
MD
LG