သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်


ကန် -တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်

အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှု ဒီကနေ့ တနင်္ဂနွေနေ့မှာ စတင်လိုက်ပါတယ်။ Foal Eagle နဲ့ Key Resolve စစ်ဆင်ရေးတွေကို မတ်လလောက်မှာ စတင်လေ့ရှိပေမယ့် ဒီနှစ်မှာတော့ တောင်ကိုရီးယားမှာ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ကျင်းပနေတာကြောင့်ရော မြောက်နဲ့ တောင်ကိုရီးယားကြား ဆွေးနွေးမှုတွေ စတင်နိုင်တဲ့အခြေအနေမျိုး ပေါ်ပေါက်လာအောင် စောင့်ဆိုင်းနေရတာကြောင့် တလလောက် ကြံ့ကြာအပြီး ဒီကနေ့မှ စတင်နိုင်တာပါ။

ကြည်း ရေ လေ နဲ့ အထူးတပ်ဖွဲ့တွေ ပါဝင်တဲ့ Foal Eagle စစ်ရေးလေ့ကျင့်မှု တလလောက် ကြာမြင့်မှာဖြစ်ပြီး အေပရယ်လလယ်ပိုင်းမှာတော့ ၂ ပတ်ကြာ Key Resove စစ်ရေးလေ့ကျင့်မှုစတင်မှာပါ။ ဒီစစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်တပ်ဖွဲ့ဝင် ၂၃၇၀၀ နဲ့ တောင်ကိုရီးယားတပ်ဖွဲ့ဝင် ၃ သိန်းလောက်ပါဝင်မယ်လို့ ပန်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရက မတ်လအတွင်း ပြောကြားထားပါတယ်။

အရင်နှစ်တွေကအတိုင်းပဲ စစ်ရေးလေ့ကျင့်သွားတာပါလို့လည်း တောင်ကိုရီးယားက စစ်ဖက်အရာရှိတွေက ပြောပါတယ်။ အခုလို အမေရိကန်နဲ့ တောင်ကိုရီးယားစစ်ရေးလေ့ကျင့်မှုဟာ ကျူးကျော် သိမ်းပိုက်ဖို့ဖြစ်တယ်လို့ ပြောလေ့ရှိတဲ့ မြောက်ကိုရီးယားကတော့ အခုစစ်ဆင်ရေးနဲ့ပတ်သက်ပြီး ဘာမှ ပြောဆိုတာမျိုး မရှိသေးပါဘူး။

မတ်လတုန်းကတော့ ပြုံယမ်းကို ရောက်ရှိလာတဲ့ တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ကို အခုလို စစ်ရေးလေ့ကျင့်မှုတွေနဲ့ ပတ်သတ်လို့ နားလည်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက ပြောခဲ့တယ်လို့ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် တောင်ကိုရီးယား အမျိုးသားလုံခြုံရေးရုံး အကြီးအကဲ Chung Eui-young က ပြောပါတယ်။ နှစ်အတော်ကြာကြာအတွင်း လာမယ့် အေပရယ် ၂၇ ရက်နေ့မှာ တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံ အကြီးအကဲတွေ မတွေ့ဆုံခင် တလလောက်အကြာမှာ အခုလို စစ်ရေးလေ့ကျင့်တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG