တောင်ကိုးရီးယားနဲ့ အမေရိကန် နိုင်ငံတို့ရဲ့ နှစ်နိုင်ငံ နှစ်စဉ် ပူးတွဲစစ်ရေး လေ့ကျင့်မှုကို တနင်္လာနေ့မှာ စတင်လိုက်ပါတယ်။ ဒီလေ့ကျင့်မှုကနေ သူ့ရေပိုင်နက်ကို ထိပါးလာရင် စစ်ပွဲတစ်ခု ဆင်နွှဲရလိမ့်မယ်လို့ မြောက်ကိုရီးယားနိုင်ငံက ရာဇသံပေးထားတဲ့ ကြားက အခု စစ်ရေးလေ့ကျင့်မှုကို စတင်လိုက်တာပါ။
တောင်ကိုးရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောခွင့်ရသူ ကတော့ ဒီလေ့ကျင့်မှုဟာ ပုံမှန်ဖြစ်ပြီး မနှစ်က လေ့ကျင့်မှုနဲ့ အင်အားအရွယ်အစားရော၊ အနေအထားပါ တူညီတယ်လို့ ရှင်းလင်း ပြောဆိုပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင်သစ်ဖြစ်တဲ့ ထိပ်တန်း စစ်ဦးချုပ် ကင်မ်ဂျုံအွန် (Kim Jong Un) က စစ်ပွဲအတွက် ပြင်ဆင်ထားဖို့ ရှေ့တန်း တပ်ဖွဲ့တွေကို ကိုယ်တိုင် ညွှန်ကြား ထားတယ်လို့ မြောက်ကိုရီးယား အစိုးရ သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။
ဒါပေမဲ့ မြောက်ကိုရီးယားမှာ ပုံမှန်မဟုတ်တဲ့ စစ်ရေးလှုပ်ရှားမှု နဲ့ ပတ်သက်တဲ့ အခြေအနေ တစ်စုံတစ်ခုမှ ခုထိ မတွေ့ရသေးဘူးလို့ သုံးသပ်ကြပါတယ်။