သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Snowden သူ တာဝန်ပြီးမြောက် အောင်မြင်ခဲ့ကြောင်းကြေညာ


အမေရိကန်ပြည်ထောင်စု အမျိုးသားလုံခြုံရေးအေဂျင်စီရဲ့ ထောက်လှမ်းရေး အစီအစဉ် အသေးစိတ်ကို ဖောက်ချခဲ့တဲ့ ရလဒ်အပေါ်မှာ သူကျေနပ်အားရတယ်လို့ NSA ကန်ထရိုက်တာဟောင်း Edward Snowden က ပြောလိုက်ပါတယ်။

Snowden ဟာ လက်ရှိအားဖြင့် ရုရှားနိုင်ငံမှာ ယာယီခိုလှုံခွင့်နဲ့ နေထိုင်နေပါတယ်။ အမေရိကန် ပြည်သူတွေဟာ ဒီထောက်လှမ်းရေး အစီအစဉ်တွေကို သတိပြုမိလာကြတဲ့အတွက် သူ့အနေနဲ့ သူ့တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီလို့ ခံစားမိတဲ့အကြောင်း Edward Snowden က Washington Post သတင်းစာကို ပြောခဲ့ပါတယ်။

အရွေးချယ်ခံ အမေရိကန် တာဝန်ရှိသူတွေဟာ ထောက်လှမ်းရေး အစီအစဉ်တွေ လှုပ်ရှားမှုတွေကို ကြီးကြပ်ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့သလို၊ အဲဒီ ထောက်လှမ်းရေး အစီအစဉ်တွေကို အများပြည်သူမသိအောင် လျှို့ဝှက်ထားခဲ့ကြတယ်လို့ Snowden က ရုရှားကနေ မေးမြန်းခန်းမှာ ပြောသွားပါတယ်။

ရီပတ်ပလစ်ကန် အောက်လွှတ်တော်အမတ် Peter King ကတော့ Snowden ဟာ NSA ဘာတွေ လုပ်နေသလဲဆိုတာ ဖောက်ချရင်း ရန်သူကို ကူညီအားပေးတာတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။ Snowden ဟာ သူ ကျမ်းကျိန် သစ္စာဆိုခဲ့တာကို ချိုးဖောက်ပြီး တိုင်းပြည်ကို သစ္စာဖောက်သူ ဖြစ်တယ်လို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။
XS
SM
MD
LG