သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားဖမ်းထားတဲ့ ကန်သတင်းထောက်ပြန်လွှတ်ဖို့ အောက်လွှတ်တော်တောင်းဆို


ရုရှားတို့ ထိန်းသိမ်းထားတဲ့ အေမရိကန်သတင်းထောက် Evan Gershkovich ကိုရုံးထုတ်လာစဥ် ဧြပီ (၁၈ )၂၀၂၃
ရုရှားတို့ ထိန်းသိမ်းထားတဲ့ အေမရိကန်သတင်းထောက် Evan Gershkovich ကိုရုံးထုတ်လာစဥ် ဧြပီ (၁၈ )၂၀၂၃

သူလျှိုမှုစွပ်စွဲချက်တွေနဲ့ ရုရှားနိုင်ငံမှာ မတ်လနှောင်းပိုင်းကတည်းက ထိန်းသိမ်းခံထားရတဲ့ အမေရိကန် သတင်းထောက် Evan Gershkovich ကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုချက်ကို အမေရိကန် အောက်လွှတ်တော်က အင်္ဂါနေ့မှာ တညီတညွတ်တည်း ဆုံးဖြတ်လိုက်ပါတယ်။ အမေရိကန်အစိုးရ တာဝန်ရှိသူတွေကိုလည်း သတင်းထောက်ပြန်လွတ်ရေးအတွက် ရုရှားအစိုးရနဲ့ ဆက်သွယ်တောင်းဆို ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

အခုလွှတ်တော် ဆုံးဖြတ်ချက်ကို တက္ကဆက်ပြည်နယ်က ရီပတ်ဘလီကန် ကိုယ်စားလှယ် Michael McCaul က ကမကထပြုခဲ့ပြီး ပါတီနှစ်ရပ်လုံးက အမတ်တွေက ထောက်ခံခဲ့ကြတာပါ။ Gershkovich ဟာ သူ့ရဲ့ သတင်း အလုပ်ကိုလုပ်ကိုင်နေသူ ဖြစ်ပြီး ရုရှားအစိုးရရဲ့တရားဥပဒေမဲ့ အကျဉ်းချမှုကိုရှုတ်ချခဲ့ကြပါတယ်။

ဒီဆုံးဖြတ်ချက်ထဲမှာ Gershkovich ကို အမေရိကန် ကောင်စစ်ဝန်ရုံးက အတားအဆီးကင်းကင်းနဲ့ ပုံမှန် တွေ့ဆုံခွင့်ရဖို့လည်း ရုရှားကိုတောင်းဆိုထားပါတယ်။ အခုလောလာဆယ်အထိတော့ အမေရိကန်သံရုံးက တာဝန်ရှိသူတွေဟာ Gershkovich ကို တကြိမ်ပဲတွေ့ခွင့်ရထားပြီး နောက်ထပ်နှစ်ကြိမ် တွေ့ခွင့် ‌တောင်းခဲ့တာကိုတော့ ရုရှားဖက်က ငြင်းခဲ့ပါတယ်။

“လိမ်လည်ထားတဲ့ စွပ်စွဲချက်တွေနဲ့ အမေရိကန် နိုင်ငံသားတွေကို ဓားစာခံအဖြစ် ချုပ်နှောင်ထားတဲ့ ဗလာဒီမီယာ ပူတင်ရဲ့ အကျင့်ပျက်ခြစားတဲ့ အစိုးရကိုအမေရိကန်အနေနဲ့ သည်းခံမှာမဟုတ်ဘူးလို့ ပြင်းပြင်းထန်ထန် သတင်းစကား ပေးပို့လိုက်တာ” ဖြစ်ကြောင်း လွှတ်တော်ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အဆိုတင်သွင်းသူ McCaul က ပြောပါတယ်။

Wall Street ဂျာနယ်ရဲ့ သတင်းထောက်ဖြစ်တဲ့ဖြစ်တဲ့ Gershkovich ဟာ ရုရှားနိုင်ငံ Yekaterinburg မြို့မှာ တာဝန်ကျနေချိန် မတ်လ ၂၉ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာပါ။ မော်စကိုက သူ့ကို သူလျှိုလုပ်တယ်လို့ စွပ်စွဲထားပြီး၊ ဒါကို သူ့သတင်းဌာနဖက်ကရော အမေရိကန်အစိုးရဖက်ကပါ ပြင်းပြင်းထန်ထန် ငြင်းဆိုထားပါတယ်။

Gershkovich ဟာ စစ်အေးခေတ်အပြီးမှာ သူလျှိုလုပ်မှု စွပ်စွဲချက်နဲ့ ရုရှားမှာ ဖမ်းဆီးခံခဲ့ရတဲ့ ပထမဆုံးသော အမေရိကန်သတင်းထောက်ဖြစ်ပြီး သူ့ကိုမတရားဖမ်းဆီးခဲ့တာလို့ အမေရိကန်အစိုးရက သတ်မှတ် ထားပါတယ်။

ဒီ ဆုံးဖြတ်ချက်ထဲမှာ သူလျှိုမှုနဲ့ ၂၀၁၈ ခုနှစ်ကတည်းက ရုရှားမှာ အဖမ်းခံနေရတဲ့ အမေရိကန် မရိန်းတပ်သားဟောင်း Paul Whelan ချက်ခြင်းပြန်လွှတ်ပေးဖို့လည်း ပါဝင်ပါတယ်။ သူကတော့ ၂၀၂၀ ခုနှစ်ကတည်းကထောင်ဒဏ် ၁၆ နှစ် ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG