သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟူသီတိုက်ခိုက်ရေး ဒရုန်းတွေ ကန်ပစ်ချဖျက်ဆီး


ဟူသီသူပုန်များ
ဟူသီသူပုန်များ

ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့ထဲမှာ အီရန် ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီသူပုန်တွေရဲ့ တိုက်ခိုက်ရေး ဒရုန်း ၁၅ စင်းကို အမေရိကန် နဲ့ မဟာမိတ် တပ်ဖွဲ့တွေက ဒီကနေ့ ပစ်ချခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။

ဒီလိုပြောဆိုပြီး မကြာခင်မှာပဲ ဟူသီသူပုန်တွေကလည်း ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့ထဲ သွားလာနေတဲ့ အမေရိကန် ကုန်တင်သင်္ဘောတစီးနဲ့ အမေရိကန် စစ်သင်္ဘောတွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အကြောင်း ပြောပါတယ်။ ကမ္ဘာ့ကုန်သွယ် ရေကြောင်းသွားလာမှုတွေမှာ အရေးပါတဲ့ ပင်လယ်နီဒေသအတွင်း သွားလာနေကြတဲ့ သင်္ဘောတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလကစပြီး ယီမင် ဟူသီလက်နက်ကိုင်တွေက ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်နေတာပါ။

ဂါဇာကမ်းမြောင်မှာ အစ္စရေးက ဟာမတ်စ်အဖွဲ့ကို တိုက်ခိုက်နေတဲ့ စစ်ပွဲတွေမှာ သူတို့လိုပဲ အီရန် ကျောထောက်နောက်ခံပေးထားတဲ့ ဟာမတ်စ်တွေနဲ့ သွေးစည်းမှုပြတဲ့အနေနဲ့ ဟူသီအဖွဲ့က ပင်လယ်နီထဲမှာ တိုက်ခိုက်မှုတွေ လုပ်နေတာပါ။ ဒီနေ့ မိုးမလင်းခင်အချိန်မှာပဲ အေဒင်ပင်လယ်ကွေ့ နဲ့ ဆက်နေတဲ့ ပင်လယ်နီထဲကို ဟူသီအဖွဲ့တွေက အကြီးအကျယ် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ အရှေ့အလယ်ပိုင်း ဒေသဆိုင်ရာ အမေရိကန် ကွပ်ကဲရေးဌာနက ပြောပါတယ်။

တိုက်ခိုက်မှုတွေဟာ ဒေသတွင်း သွားလာနေတဲ့ ကုန်တင်သင်္ဘောတွေ၊ အမေရိကန် ရေတပ်နဲ့ မဟာမိတ်တွေရဲ့ သင်္ဘောတွေအပေါ် ကြီးမားတဲ့ ခြိမ်းခြောက်မှုအဖြစ် အမေရိကန်နဲ့ မဟာမိတ် တပ်ဖွဲ့တွေက အခိုင်အမာ ယူဆထားပါတယ်။ လွတ်လပ်တဲ့ ရေကြောင်းသွားလာမှုတွေနဲ့ နိုင်ငံတကာ ရေပိုင်နက်တွင်း ဘေးကင်းလုံခြုံမှုရှိစေဖို့အတွက် အခုလို တိုက်ခိုက်လာတဲ့ ဒရုန်းတွေကို အမေရိကန်နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ပစ်ချခဲ့တာလို့လည်း အမေရိကန်က ပြောပါတယ်။

Forum

XS
SM
MD
LG