သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု တချို့ အမေရိကန် (၆)လ လျှော့ချ


Asia World ဆိပ်ကမ်း- ရန်ကုန်မြို့
Asia World ဆိပ်ကမ်း- ရန်ကုန်မြို့

မြန်မာနိုင်ငံရဲ့အဓိကဆိပ်ကမ်းတခုမှာ အမေရိကန်ကုမ္ပဏီတွေ ကူးသန်းရောင်းဝယ် ခွင့်ကို (၆) လတာ ခွင့်ပြုတဲ့အနေနဲ့ မြန်မာအပေါ်ချမှတ်ထားတဲ့ ကုန် သွယ်ရေး ပြစ်ဒဏ် ခတ်မှုတချို့ကို အမေရိကန်အစိုးရက တနင်္လာနေ့ က ဖြေ လျှော့ပေးလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ခေတ်အမီဆုံးဆိပ်ကမ်းတခုဖြစ်တဲ့ Asia World ကုမ္ပဏီပိုင်ဆိပ်ကမ်းမှာ ကုန်သွယ်ရေးအရ ငွေကြေး လွဲှပြောင်းမှုတွေပြုလုပ်နိုင်တဲ့ နည်းလမ်းတွေကိုရှာဖွေနိုင်ဖို့ Clearing House Association နဲ့ (BAFT )Bankers Association of Finance and Trade တို့ဟာ အမေရိကန် ဘဏ္ဍာရေးဌာနကို ဂျူလိုင်လကတည်းက တောင်းဆို ထားတာ ဖြစ်ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကိုပြောပြမှာပါ။

မြန်မာအပေါ် ကုန်သွယ်ရေးပြစ်ဒဏ်ခတ်မှုတချို့ ဖြေလျှော့ဖို့ အမေရိကန် အစိုးရက ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေချိန်မှာ မြန်မာနဲ့ အမေရိကန်နှစ်နိုင်ငံကုန်သွယ်ရေးပိုမိုချောမွေ့စေဖို့ (၆)လ သက်တမ်းရှိတဲ့ GL 20 ဆိုတဲ့ အထွေထွေလိုင်စင်အမှတ် (၂၀) ကို ချမှတ်ပေးခြင်းအားဖြင့် ဒဏ်ခတ် ပိတ်ဆို့မှုတချို့ကို လျှော့ချပေးလိုက်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက တနင်္လာနေ့ကထုတ်ပြန်ကြေညာပါတယ်။

ဒီကြေညာချက်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုရေးရာ အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရအမျိုးသမီး Laura Robinson ကဗွီအိုအေကိုအခုလိုပြောပါတယ်။

“GL (20) ဟာ မြန်မာနိုင်ငံကို တင်ပို့တာ၊ မြန်မာနိုင်ငံကနေ တင်သွင်းတဲ့ ကုန်စည်တွေကို အဆင်ပြေချောမွေ့စေဖို့ နည်းပညာပိုင်းအရ ပြင်ဆင်ပေး လိုက်တာပဲ ဖြစ်ပါတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ပတ်သက်တဲ့ စိုးရိမ်မကင်း ဖြစ်မှုတွေကြောင့် အဓိကရန်ကုန်ဆိပ်ကမ်း တခုနဲ့ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရာမှာ မထင်မှတ်ပဲ ဆိုင်းငံ့ထားရတာတွေ ရှိတဲ့သတင်းတွေကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ဘဏ္ဍာရေးဌာနက GL (20) ခေါ် အထွေထွေ လိုင်စင်အမှတ် (၂၀)ကို ထုတ်ပြန်ပေးလိုက်တာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ အမေရိကန်ရဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အခိုင်အမာ ဆက်လက်ထိန်းသိမ်း ချမှတ်သွားဖို့အပြင် SDN ခေါ်အထူးပစ်မှတ်ထားတဲ့ မြန်မာနိုင်ငံသားတွေအပေါ် ဆက်လက်ဖိအားပေးသွားမှာဖြစ်ပါတယ်။”

Asia World ကုမ္ပဏီရဲ့ ဦးဆောင်ညွန်ကြားရေးမှုး စတီဖင်လော (ခေါ်) ဦးထွန်းမြင့်နိုင်နဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ သူရဲ့ဖခင် လော်ဆစ်ဟန်တို့ဟာ မြန်မာ စစ်ဗိုလ်ချုပ်တွေနဲ့နီးစပ်မှုရှိပြီး မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်တဲ့လုပ်ငန်းနဲ့ ချမ်းသာလာသူတွေဖြစ်တာကြောင့် အမေရိကန်ပြည်ထောင်စုက ၂၀၀၈ ခုနှစ်မှာ SDN ခေါ် တဦးချင်းပစ်မှတ်ထားပိတ်ဆို့အရေးယူမှုစာရင်းထဲထည့်သွင်းခဲ့တာပါ။

ဒါပေမဲ့ ၂၀၁၁ ခုနှစ် သမ္မတဦးသိန်းစိန်အစိုးရတက်လာပြီးနောက် အမေရိကန် လုပ်ငန်းရှင်တွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်လာခဲ့တာပါ။ အဲဒီမှာAsia World ကုမ္ပဏီပိုင်တဲ့ ရန်ကုန်မြို့ဆိပ်ကမ်းဟာ ပြည်ပကုန်သွယ်ရေးအတွက် အရေးကြီးတဲ့ အသက်သွေးကြောသဖွယ်ဖြစ်လာတာကို အမေရိကန် လုပ်ငန်း ရှင်တွေ ဘက်က တွေ့ရှိခဲ့ရပြီး ဒီဆိပ်ကမ်းကို ဖြတ်သန်းပြီး ငွေကြေး လွှဲပြောင်းမှုတွေကို ခွင့်ပြုပေးဖို့ အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ နိုင်ငံခြား ပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးဌာနခွဲ (OFAC) ကို ပြီးခဲ့တဲ့ဂျူလိုင်လက စာရေးသား ပေးပို့တောင်းဆိုခဲ့တာဖြစ်ပါတယ်။

GL (20) လိုင်စင်ကြောင့် Asia World ဆိပ်ကမ်းကို အသုံးပြုခ၊ သင်္ဘောတင်ပို့ခ၊ ကုန်တင်ကုန်ချခ စတဲ့ကုန်ကျစားရိတ်တွေအတွက် အမေရိကန်ဘဏ်တွေ၊ ကုမ္ပဏီတွေအနေနဲ့ ငွေကြေးလွှဲပြောင်းတာကို အမေရိကန်အစိုးရက ခွင့်ပြုမှာ ဖြစ်ပါတယ်။ အခုလို ကုန်သွယ်ရေးပစ်ဒဏ်ခတ်မှုတချို့ (၆) လကြာ ဖြေလျှော့ပေးလိုက်ပေမယ့် မြန်မာနိုင်ငံအပေါ် တဦးချင်း ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေနဲ့ အခြားကျန်နေတဲ့ ကုန်သွယ်ရေးပိတ်ဆို့မှုတွေဟာ ဆက်ပြီးရှိနေမှာဖြစ်တယ်လို့ Laura Robinson ကပြောပါတယ်။

“အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ အထူး ပစ်မှတ် ထားတဲ့ နိုင်ငံသားတွေအပေါ် ပိတ်ဆို့မှုတွေကို ဆက်လက် ဖိအားပေး ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ GL (20) အနေနဲ့ မြန်မာနိုင်ငံက ပို့ကုန်သွင်းကုန်တို့နဲ့ ပတ်သက်တဲ့ သာမန်ငွေပေးချေမှု၊ပြင်ပရောက်တဲ့ စီးပွားရေး လုပ်ကိုင်မှုတွေကို ခွင့်မပြုပါဘူး။ ဥပမာ SDN ချမှတ်ခံထားရသူတွေနဲ့ပတ်သက်တဲ့ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းတွေကို တိုးချဲ့တာ၊ ခေတ်မှီအောင် ပြုလုပ်တာ အစရှိတဲ့ ရင်းနှီးမြှုပ်နှံမှုအသစ်တွေကို ခွင့်မပြုပါဘူး။ လက်ရှိချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ဆက်ပြီး ရှိသွားမှာဖြစ်ပါတယ်။ ဒီပိတ်ပင်မှုတွေ အနက် ကာကွယ်ရေး ဝန်ကြီးဌာနအပါအဝင် SDN စာရင်းမှာပါနေတဲ့သူတွေနဲ့ ရင်းနှီးမြှုပ်နှံမှု အသစ်တွေ မလုပ်ရတဲ့အပြင် မြန်မာနိုင်ငံကထွက်တဲ့ ပတ္တမြား၊ ကျောက်စိမ်းနဲ့ အခြားကျောက်မျက် ရတနာတွေကိုလည်း အမေရိကန်ကိုတင်ပို့ခွင့် ပိတ်ပင်ထားတာပါ။”

ဒါ့အပြင် အခုလို ကုန်သွယ်ရေးဒဏ်ခတ်မှု တချို့ကို ဖြေလျှော့ပေးတာ ဟာ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီ အနိုင်ရခဲ့တာကို တုံ့ပြန်တာမဟုတ်ဘူးလို့ သူကအခုလိုပြောပါတယ်။

“GL (20) လိုင်စင်ထုတ်ပြန်ရခြင်းဟာ မကြာမီက မြန်မာနိုင်ငံရွေးကောက်ပွဲ ရလဒ်တွေကို တုံ့ပြန်တာမဟုတ်သလို မြန်မာနိုင်ငံအပေါ် အမေရိကန်ရဲ့ ဒဏ်ခတ် ပိတ်ဆို့မှု မူဝါဒပြောင်းလဲမှု အရိပ်လက္ခဏာလဲမဟုတ်ပါဘူး။ ဒီလိုင်စင်ရဲ့ သက်တမ်းဟာ (၆) လ ရှိပြီး အသစ်သက်တမ်းတိုးနိုင်သလို ပယ်ဖျက်နိုင်ခွင့်လည်း ရှိတာဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကို အာဏာအပြည့်အ၀ လွှဲပြောင်းပေးရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ရေး၊ ရိုဟင်ဂျာတွေ အပါအဝင် လူနည်းစု တိုင်းရင်းသားတွေရဲ့ အခွင့်အရေးလေးစားရေးနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးစတဲ့တိုးတက်မှုအခြေအနေတွေကို အမေရိကန် အစိုးရက ဆက်လက် စောင့်ကြည့်သွားမှာဖြစ်တယ်လို့လည်း အမေရိကန်နိုင်ငံခြားရေး ဌာနပြောခွင့်ရအမျိူးသမီး Laura Robinson ကပြောပါတယ်။

အခုလို မြန်မာအပေါ် ကုန်သွယ်ရေးဒဏ်ခတ်မှုတချို့ဖြေလျှော့ပေးလိုက်တာကို စိုးရိမ်မကင်းဖြစ်မိကြောင်း အမေရိကန်အောက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးကော်မတီဥက္ကဌ ရီပါဘလစ်ကန် အမတ် Ed Royce က တနင်္လာနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေက ထိထိရောက်ရောက်အရေးမယူနိုင်ပဲ အခုလို ကုန်သွယ်ရေးပိတ်ဆိုမှု တချို့ဖြေလျှော့တာကို သူ့အနေနဲ့ အလွန်ပဲစိုးရိမ်မကင်းဖြစ်မိကြောင်း Ed Royce ကပြောပါတယ်။

XS
SM
MD
LG