အမေရိကန်ပြည်ထောင်စုက Mega Million လို့ခေါ်တဲ့ ထီအမျိုးအစားမှာ သမိုင်းတလျှောက် အမြင့်ဆုံးစံချိန်နဲ့ ဆုကြေးငွေတွေ ဆက်ပြီးတိုးလာနေပါတယ်။ မနေ့သောကြာနေ့ညက ဖွင့်ခဲ့ဲတဲ့ ဒေါ်လာ ၁ ဘီလီယံ ဆုကြေးငွေကို ဘယ်သူမှမပေါက်ခဲ့တဲ့အတွက် ကမ္ဘာမှာ အများဆုံး သမိုင်းဝင်ဆုကြေးငွေဖြစ်လာတာပါ။
လာမယ့် အင်္ဂါနေ့ Mega Million ထီဖွင့်ရက်မှာ ထီပေါက်မယ့်သူက ပျှမ်းမျှ ဆုကြေးငွေ ဒေါ်လာ ၁.၆ ဘီလီယံ ထိ ရမှာဖြစ်ပါတယ်။ နောက်ထပ် ထီအမျိုးအစားတခုဖြစ်တဲ့ Powerball ကနေ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၃ ရက် နေ့တုန်းကထွက်ခဲ့တဲ့ ဆုကတော့ဒေါ်လာ ၁.၅ ဘီလီယံနဲ့ အများဆုံးစံချိန်တင်ရောက်ရှိခဲ့တာပါ။
Mega Million ထီအမျိုးအစား ကနေနောက်ဆုံး စံချိန်တင်ရောက်ခဲ့တဲ့ အမြင့်ဆုံးဆုကတော့ ၂၀၁၂ ခုနှစ်၊ မတ်လက ထွက်ခဲ့တဲ့ ဒေါ်လာ ၆၅၆ သန်းဆုကြေးငွေဖြစ်ပါတယ်။ သောကြာနေ့ညက ဘယ်သူမှ မပေါက်ခဲ့ ပေမယ့် Mega Ball ထီရဲ့နောက်ဆုံး နံပါတ် တလုံးကလွှဲရင် နံပါတ်အားလုံးတူတဲ့ အနည်းဆုံး ဒေါ်လာ ၁ သန်းပေါက်တဲ့ဆု ၁၅ ခုရှိနေပါတယ်။
ထီအမျိုးအစား နှစ်ခုစလုံးကို အမေရိကန်ပြည်ထောင်စုက ပြည်နယ် ၄၄ ခုမှာ ဝယ်ယူနိုင်သလို ဝါရှင်တန်ဒီစီနဲ့ အမေရိကန်ပိုင် Virgin Island မှာလည်း ရရှိနိုင်ပါတယ်။