ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ နဲ့ လစ်ဗျားနိုင်ငံရဲ့ ပြိုင်ဘက်အဖွဲ့ ၂ ဖွဲ့က ကိုယ်စားလှယ်တွေ နဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ခဲ့ကြပြီး၊ အဲဒီမှာ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ ကုလသမဂ္ဂရဲ့ အစီအစဉ်ကို ထောက်ခံဖို့အတည်ပြုခဲ့ကြပါတယ်။
အဲဒီဆွေးနွေးပွဲကို နိုင်ငံ ၁၇ နိုင်ငံ နဲ့ ကမ္ဘာအဖွဲ့အစည်း ၄ ခုက ကိုယ်စားလှယ်တွေဟာ လစ်ဗျားတာဝန်ရှိသူတွေနဲ့ ရောမမြို့မှာ တနင်္ဂနွေနေ့က ဆွေးနွေးခဲ့ကြပြီး၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ နဲ့ အီတလီနိုင်ငံခြားရေးဝန်ကြီး ပေါ်လို ဂျန်တီလိုနီတို့ ဥက္ကဋ္ဌအဖြစ်ဦးဆောင်ခဲ့ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
လစ်ဗျားနိုင်ငံရဲ့ ပြိုင်ဘက်အစိုးရအဖွဲ့ ၂ ဖွဲ့ဟာ ရှေ့လာမယ့် ဗုဒ္ဓဟူးနေ့ကျရင် မော်ရိုကိုနိုင်ငံမှာ ပေါင်းစည်းရေးသဘောတူစာချုပ်ချုပ်ဖို့အတွက် ပြင်ဆင်နေကြတဲ့အချိန်မှာ ဒီအစည်းအဝေးကို ကျင်းပခဲ့ကြတာဖြစ်ပါတယ်။
အခုအချိန်ဟာ လစ်ဗျားနိုင်ငံရဲ့ အနာဂတ်အတွက် ရှေ့မတိုးနောက်မဆုတ်ဖြစ်နေတဲ့အခြေအနေကို ကျော်လွှားပြီး ၊ ရှေ့ကို တက်လမ်းဖို့အချိန်ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အီတလီနိုင်ငံခြားရေးဝန်ကြီး ဂျန်တိုလီ နဲ့ ကုလသမဂ္ဂသံတမန် Martin Kobler တို့နဲ့ ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဒီသဘောတူညီချက်ကို လက်မှတ်ထိုးပြီးတာနဲ့ အဖွဲ့အားလုံးအနေနဲ့ အပစ်အခတ်ရပ်စဲရေးကို ချက်ချင်းအပြည့်အစုံအကောင်အထည်ဖော်ဖို့ ကိစ္စကို လက်ခံဖို့ ဒီသဘောတူညီချက်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ ကမ္ဘာအင်အားကြီးနိုင်ငံတွေက တောင်းဆိုခဲ့ကြပါတယ်။