သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ် ၃၀ သေဒဏ်ကျခဲ့သူ ကန်အမျိုးသား ပြန်လွတ်


ဆယ်စုနှစ် သုံးခုနီးပါးလောက် သေဒဏ်မှတ်ချခံထားရတဲ့ အမေရိကန် အမျိုးသားတဦးဟာ အခုမှ အပြစ်မရှိဘူးဆိုပြီး ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ Louisiana ပြည်နယ်မှာ ထောင်ဒဏ်အရှည်ကြာဆုံး ကျခံရသူအကျဉ်းသား Glenn Ford ဟာ နောက်ဆုံးရရှိတဲ့ သက်သေတွေအရ သူ့ကို ပြစ်ဒဏ်ချမှတ်ထားတဲ့ လူသတ်မှုမှာ အပြစ်မရှိကြောင်း တွေ့ခဲ့ရတာပါ။

သူ့ကို ကာယကံမြောက် ကျူးလွန်တဲ့ လူသတ်မှုနဲ့ သေဒဏ် ချမှတ်ထားတာကို ချန်လှပ်ပေးဖို့ အစိုးရရှေ့နေတွေက တင်ပြခဲ့ပြီးတဲ့နောက် အသက် ၆၄ နှစ်အရွယ် Ford ကို Shreveport မြို့က တရားသူကြီးက ပြန်လွှတ်ပေးဖို့ အမိန့်ချမှတ်လိုက်တာပါ။

လူမည်းတဦးဖြစ်တဲ့ Ford ကို Shreveport မြို့က ရတနာဆိုင်ရှင် Isadore Rozeman ကို သတ်ဖြတ်မှုနဲ့ ၁၉၈၃ ခုနှစ်က လူဖြူ ဂျူရီလူကြီးတွေက သေဒဏ်အပြစ်ရှိကြောင်း အမိန့်ချမှတ်ခဲ့တာပါ။

Ford ဟာ Rozeman ရဲ့ ခြံမှာ ပုံမှန် ခြံရှင်းပေးတဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ဆုံး ရရှိတဲ့ သက်သေတွေအရ Ford ဟာ Rozeman သေဆုံးမှုမှာ ပါဝင် ပတ်သက်ခြင်းမရှိတဲ့အကြောင်း Ford ရဲ့ ရှေ့နေတွေက ပြောပါတယ်။ Angola မြို့ Louisiana ပြည်နယ်အကျဉ်းထောင်ကနေ ပြန်ထွက်လာချိန်မှာ Ford က အခုလို လွတ်မြောက်လာတဲ့အတွက် ဝမ်းသာကြောင်း ပြောပါတယ်။

သူ မကျူးလွန်ခဲ့တဲ့ အပြစ်တခုအတွက် သူ့ကို နှစ်ပေါင်း ၃၀ လောက် ထောင်ချခဲ့တဲ့အတွက် မှားယွင်းစွာ အမိန့်ချခဲ့သူတွေကို မကျေနပ်ဘူးလို့လည်း Ford က ပြောပါတယ်။ သူ ထောင်ချခံရချိန်က သူ့သားတွေဟာ ကလေးငယ် အရွယ်တွေဖြစ်ပြီး၊ ခုချိန်မှာတော့ သူတို့ရဲ့ ကိုယ်ပိုင်မိသားစု ကလေးငယ်တွေနဲ့ ဖြစ်နေကြပြီလို့လည်း Ford က ပြောပါတယ်။
XS
SM
MD
LG