သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် အောက်လွှတ်တော် ဒီမိုကရက်ပါတီ ပြန်လည်ထိန်းချုပ်


အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲတွေ မနေ့တုန်းက ကျင်းပခဲ့ရာမှာ အတိုက်အခံ ဒီမိုကရက်ပါတီက အောက်လွှတ်တော်ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး၊ ရီပတ်ဘလစ်ကန်တွေကတော့ အထက်လွှတ်တော်ကို ဆက်လက် ထိန်းချုပ်ထားပါတယ်။

အထက်နဲ့ အောက်လွှတ်တော်တွေကို ပါတီကြီး ၂ ခုက တခုစီထိန်းချုပ်လိုက်တဲ့အတွက် ရှေ့လာမယ့်နှစ်တွေမှာ ရီပတ်ဘလစ်ကန်ပါတီက သမ္မတ Donald Trump ရဲ့ မူဝါဒတွေကို အကောင်အထည်ဖော်ရာမှာ အဟန့်အတားတွေနဲ့ ကြုံရမယ့် အလားအလာတွေလည်း ရှိနေပါတယ်။ မျှော်လင့်ထားသလို ရလဒ်တွေ ထွက်ပေါ်လာတဲ့အတွက်လည်း ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်တွေအတွက် မဲဆွယ်စည်းရုံးပေးခဲ့ပြီး၊ သူ့အပေါ်ထောက်ခံမှုကို စမ်းသပ်တဲ့ ဆန္ဒခံယူပွဲအဖြစ် ပြောဆိုခဲ့တဲ့ သမ္မတ Trump အတွက်တော့ အထိနာစရာ ဖြစ်ခဲ့ရတာပါ။ ကယ်လီဖိုးနီးယားပြည်နယ်အမတ် အောက်လွှတ်တော် လူနည်းစုခေါင်းဆောင် Nancy Pelosi ကတော့ ရွေးကောက်ပွဲ ရလဒ်ဟာ ပါတီကြီး ၂ ခုရဲ့ အနိုင်အရှုံးထက် အဓိပ္ပါယ်ပိုတဲ့အကြောင်း ဝါရှင်တန်က အောင်ပွဲခံမိန့်ခွန်းမှာ ပြောကြားသွားပါတယ်။

ဒီနေ့အချိန်မှာ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်တွေ ဆိုတာထက်၊ သမ္မတ Trump အစိုးရအပေါ် အခြေခံဥပဒေနဲ့အညီ မျှမျှတတ စောင့်ကြည့်စစ်ဆေးနိုင်မယ့် အခြေအနေတွေကို ပြန်လည်ရရှိခဲ့တာဖြစ်ကြောင်း ပြောဆိုလိုက်တာပါ။

၈ နှစ်အတွင်း ပထမဆုံး အောက်လွှတ်တော်ကို ဒီမိုကရက်တစ်ပါတီက ပြန်လည်ထိန်းချုပ်လိုက်တဲ့အတွက် သမ္မတ Trump ရဲ့ ဥပဒေပြုရေး ဦးစားပေး အစီအစဉ်တွေကို ဟန့်တားနိုင်တော့မှာ ဖြစ်သလို၊ စုံစမ်းစစ်ဆေးမှုတွေမှာ သြဇာရှိတဲ့ အောက်လွှတ်တော် ရေးရာကော်မတီတွေကိုလည်း ဦးဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒီမိုကရက် ကိုယ်စားလှယ် တချို့ကတော့ သမ္မတရဲ့ အခွန်ပေးဆောင်မှု မှတ်တမ်းတွေကို ထုတ်ဖော်ပြသဖို့၊ ကိုယ်ပိုင်စီးပွားရေးနဲ့ ဘဏ္ဍာရေး အကျိုးအမြတ်တွေကို စုံစမ်းစစ်ဆေးဖို့အပြင် ၂၀၁၆ သမ္မတရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးရာမှာ ရုရှားနဲ့ ဆက်နွယ်မှုတွေကို ဖော်ထုတ်လိုကြောင်း ပြောဆိုထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG