သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နှစ်ဝက်ရွေးကောက်ပွဲ Republican နဲ့ Democrat အကြိတ်အနယ် မဲဆွယ်


ကန်နှစ်ဝက်ရွေးကောက်ပွဲအတွက် Republican ပါတီအတွက် သမ္မတ Turmp မဲဆွယ်နေစဉ်
ကန်နှစ်ဝက်ရွေးကောက်ပွဲအတွက် Republican ပါတီအတွက် သမ္မတ Turmp မဲဆွယ်နေစဉ်

ဒီကနေ့ နိုဝင်ဘာ ၆ ရက် အင်္ဂါနေ့မှာ အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲတွေမှာ မဲဆန္ဒရှင်တွေ မဲပေးကြဖို့ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ ဒီကနေ့ဆို သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ သမ္မတသက်တမ်း ပထမ ၂နှစ်ဆောင်ရွက်မှုအပေါ် အကဲဖြတ်မှုလည်း ဖြစ်တဲ့အပြင်၊ ဝါရှင်တန်မှာ အာဏာချိန်ခွင်လျှာ ညှိမှုကို ပြောင်းလဲစေနိုင်သလို သမ္မတ ထရမ့်ရဲ့ ကျန်ရှိတဲ့ သက်တမ်းအပေါ်မှာလည်း သက်ရောက်မှု ရှိစေနိုင်ပါတယ်။ ဒါကြောင့် ရီပတ်ဘလစ်ကန်တို့ အနိုင်ရရှိရေး သမ္မတထရမ့်က နောက်ဆုံးအချိန်ထိ မဲဆွယ်လှုပ်ရှားနေသလို ဒီမိုကရက်တွေဘက်ကလည်း သမ္မတဟောင်း အိုဘားမားက ဦးဆောင်မဲဆွယ်လှုပ်ရှားခဲ့ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက စုစည်းတင်ဆက် ထားပါတယ်။

သမ္မတ Turmp က သက်တမ်းဝက် သမ္မတ ရွေးကောက်ပွဲမဲဆွယ်လှုပ်ရှားရာမှာ သူ့ Air Force One သမ္မတလေယာဉ်ကို လွန်းပျံယာဉ်အဖြစ် အသုံးပြုပြီး ဒီကနေ့ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်မီ ၁ ရက်အလို တနင်္လာနေ့က Ohio, Indiana,Missouri ပြည်နယ်တို့ကို သွားရောက်မဲဆွယ်လှုပ်ရှားခဲ့ပါတယ်။ သတင်းမီဒီယာတွေကတော့ ဒီကနေ့ကျင်းပမယ့် သက်တမ်းဝက် ရွေးကောက်ပွဲဟာ တကယ်ဆို သမ္မတ Trump ရဲ့ တာဝန်ထမ်းဆောင်မှုအပေါ် လူထုဆန္ဒသဘောထားအမြင်ခံယူမှုဖြစ်တယ်လို့ ရှု့မြင်ကြပါတယ်။ အထက်လွှတ်တော်မှာ အမတ်၁၀၀ နဲ့ ၆ နှစ်သက်တမ်းရှိပြီး ပြန်ရွေးကောက်တင်မြောက်မယ့် အမတ် ၃၅ နေရာအတွက် သမ္မတ Turmp ကသူ့ Republican အမတ်အများစုတွေဆက်ပြီးအနိုင်ရဖို့ကို အင်တိုက်အားတိုက်မဲဆွယ်လှုပ်ရှားခဲ့ပါတယ်။

Tennessee ပြည်နယ်မှာ မဲဆွယ်လှုပ်ရှားစဉ် သမ္မတ Turmp က

“ဒီမိုကရက်တွေက တရားမဝင်လာရောက်အခြေချမယ့်သူတွေကို ကျနော်တို့နိုင်ငံကို တသုတ်ပြီး တသုတ်လာရောက်နိုင်ဖို့ ဖိတ်ခေါ်ချင်တာဖြစ်ပါတယ်။ ကျနော်ကတော့ ဒါကို လက်မခံပါဘူး ဘယ်နိုင်ငံကမှ ကိုယ့်နယ်နိမိတ်တွေကို ဖြတ်ကျော်ဝင်လာတာကို ခွင့်ပြုမှာမဟုတ်ဘူး ဒါက ကျူးကျော်မှုပဲဖြစ်တယ်။ ဘယ်သူတွေက ဘာပြောပြော ကျနော်သိပ်ဂရုမစိုက်ဘူး မီဒီယာတွေရဲ့ မမှန်မကန် လုပ်ကြံသတင်းတွေကိုလည်း ကျနော် ဂရုမစိုက်ဘူး ဒါက အမေရိကန်ပြည်ထောင်စုကို ကျူးကျော်ဝင်ရောက်မှုပဲဖြစ်တယ်။”

Trump မတိုင်မီ သမ္မတ သက်တမ်း ၂ ကြိမ်ထမ်းဆောင်ခဲ့တဲ့ သမ္မတဟောင်း Obama ကလည်း ဒီမိုကရက်တွေကိုယ်စား အပူတပြင်းမဲဆွယ် လှုပ်ရှားခဲ့တာတွေ့ရပါတယ်။ သူက ဒီသက်တမ်းဝက် ရွေးကောက်ပွဲမှာ ဒီမိုကရက်မဲဆန္ဒရှင်တွေ ထွက်မဲပေးကြဖို့ လိုက်လံ နှိုးဆော်ခဲ့ပါတယ်။

“Illinois မဲဆန္ဒရှင်တွေ မဲထွက်ပေးကြပါ။ ဒါမှလည်း လက်ရှိနိုင်ငံရေးအခြေအနေကို လက်မခံဘူးဆိုတာ ပြသနိုင်မှာပါ။ နိုင်ငံရေးဖော်ဆောင်မှုမှာ ပါဝင်ခြင်းအားဖြင့် ဆိုးရွားတဲ့အပြုအမှုတွေကို ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ Illinois မဲဆန္ဒရှင်တွေ မဲထွက်ပေးကြခြင်းဖြင့် အကြောက်တရားတွေထက် မျှော်လင့်ချက်တွေကို ရွေးချယ်နိုင်ကြမှာပါ။”

သက်တမ်း ၂ နှစ်ရှိတဲ့ အောက်လွှတ်တော်အမတ်နေရာ ၄၃၅ နေရာစလုံး ရွေးကောက်ပွဲ ဝင်ကြရမှာဖြစ်ပါတယ်။ အောက်လွှတ်တော်မှာ အရင်ဒီမိုကရက်အမတ်အများစု ခေါင်းဆောင်ဖြစ်ခဲ့ပြီး အခုလက်ရှိ အမတ်အနည်းစုခေါင်းဆောင်ဖြစ်တဲ့ Nancy Pelosi က ဒီတကြိမ် ဒီမိုကရက်တွေထိန်းချုပ်မှု ပြန်ရဖို့ သေချာတယ်လို့ သတင်းမီဒီယာကို အခုလိုပြောခဲ့ပါတယ်။

“နောက် နာရီ ၁၀၀ တောင်မရှိတော့တဲ့အချိန်အတွင်းမှာ ကျမတို့ရွေးကောက်ပွဲမှာ အနိုင်ရမှာကို သိကြတော့မှာပါ။ ကျမဒီလိုပြောနိုင်တာက နိုင်ငံတဝှမ်းမှာ မဲဆွယ်လှုပ်ရှားခဲ့လို့ပါ။ ကျမတို့ပါတီအတွက် နိုင်ငံရေး စေတနာ့ဝန်ထမ်းတွေနဲ့ ကျမ စကားပြောရာမှာလည်း သူတို့တွေက တအိမ်တက် တအိမ်ဆင်း လိုက်မေးမြန်းခဲ့ပြီး ဒီရွေးကောက်ပွဲအတွက် လူထုကို စိတ်အားထက်သန်တာကိုတွေ့ရတယ်လို့ ဆိုပါတယ်။ အခုခန့်မှန်းတာက ကိုယ်တိုင်သွားရောက်လေ့လာခဲ့သူတွေ ရဲ့ပြောပြချက်ဖြစ်ပါတယ်။ ဘယ်လောက်အကွာနဲ့ အနိုင်ရမလဲဆိုတာကတော့ မဲထွက်ပေးကြသူတွေအပေါ်မှာ မူတည်ပါတယ်။ မဲပေးသူများလေလေ အနိုင်ရတာများမှာပါ။”

အောက်လွှတ်တော်မှာ ဒီမိုကရက်ထိန်းချုပ်နိုင်ဖို့ အလားအလာဟာ ၈၇.၅ ရာခိုင်နှုန်းရှိပြီး ရီပတ်ပလီကန်တွေ ထိန်းချုပ်နိုင်ဖို့ အလားအလာဟာ ၁၂.၅ ရာခိုင်နှုန်းရှိတယ်လို့ ရွေးကောက်ပွဲ ခန့်မှန်းချက်တွေက ဆိုပါတယ်။ အထက်လွှတ်တော်မှာ ရီပတ်ပလီကန်တွေ ထိန်းချုပ်မှုဟာ ၈၃.၂ ရာခိုင်နှုန်းသေချာပြီး ဒီမိုကရက်ထိန်းချုပ်နိုင်ဖို့ အလားအလာဟာ ၁၆.၈ ရာခိုင်နှုန်းသေချာတယ်လို့ ခန့်မှန်းကြပါတယ်။ လက်ရှိမှာ အောက်ရော အထက်လွှတ်တော်မှာပါ ရီပတ်ပလီကန်တွေ ထိန်းချုပ်ထားပြီး အိမ်ဖြူတော်မှာလည်း သမ္မတက ရီပတ်ပလီကန်ဖြစ်တဲ့အတွက်ကြောင့် သမ္မတ Trump အနေနဲ့ သူ့နိုင်ငံရေး ပေါ်လစီတွေ ချမှတ်အကောင်အထည်ဖော်ရာမှာ ပိုလွယ်ကူခဲ့တာဖြစ်ပါတယ်။ အောက်လွှတ်တော်မှာ ထိန်းချုပ်နိုင်ဖို့ဒီမိုကရက်တွေက ရရှိခဲ့ရင် သမ္မတ Trump အနေနဲ့ ကျန်ရှိတဲ့ သမ္မတ သက်တမ်း ၂ နှစ်အတွက် လုပ်ကိုင်နိုင်စွမ်းဟာ ပိုပြီးခက်ခဲမှာဖြစ်ပါတယ်။

ဒီကနေ့ကျင်းပမယ့် ရွေးကောက်ပွဲတွေအပေါ် မဲဆန္ဒရှင်တွေရဲ့ စိတ်အားထက်သန်မှုကတော့ နှစ် ၂၀ အတွင်းမှာ အများဆုံးဖြစ်ပါတယ်။ မဲဆန္ဒရှင် ၃၁ သန်းဟာ ကြိုတင်မဲပေးခဲ့ကြပြီဖြစ်သလို မဲပေးဖို့ မှတ်ပုံတင်သူတွေလည်း တိုးနေပါတယ်။ ဒါ့အပြင် ဒီရွေးကောက်ပွဲမှာ အမျိုးသမီး မဲဆန္ဒရှင် ၆၂ ရာခိုင်နှုန်းက ဒီမိုကရက်တွေကို မဲပေးဖို့ရှိပြီး အထက်လွှတ်တော် အောက်လွှတ်တော် ၂ ရပ်စလုံးမှာလည်း ဝင်ရောက်ရွေးချယ်ခံမယ့် အမျိုးသမီး ဦးရေဟာ ၂၅၆ ဦးရှိပါတယ်။ ဒါကြောင့် ဒီသက်တမ်းဝက် ရွေးကောက်ပွဲဟာ အထက်လွှတ်တော် အောက်လွှတ်တော် ၂ ရပ်စလုံးမှာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေ အများဆုံးပါဝင်လာဖို့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG