သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အထက်လွှတ်တော် Republican ကြီးစိုး


အင်္ဂါနေ့ကကျင်းပတဲ့ အမေရိကန်လွှတ်တော် သက်တမ်းဝက် ရွေးကောက်ပွဲတွေမှာ ရီပတ်ဘလီကန်ပါတီက အထက်လွှတ်တော်ကို ထိန်းချုပ်နိုင်မယ့် နေရာအများစုကို အနိုင်ရလိုက်သလို၊ အောက်လွှတ်တော်မှာလည်း အမတ်နေရာတွေ ထပ်တိုး ရလိုက်တာကြောင့် သမ္မတ အိုဘားမားရဲ့ ကျန်နေသေးတဲ့ အုပ်ချုပ်ရေးသက်တမ်း ၂ နှစ်ကာလတွင်း ကွန်ဂရက် လွှတ်တော် နှစ်ရပ်စလုံးကို ရီပတ်ဘလစ်ကန်တွေက ထိန်းချုပ်ခွင့် ရလိုက်ပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင်က အထက်လွှတ်တော်နေရာ ၁၀၀ မှာ ၅၅ နေရာကို ဒီမိုကရက်တွေက ရထားတာဖြစ်ပေမဲ့လို့၊ အာကင်ဆော၊ ကိုလိုရာဒို၊ အိုင်အိုဝါ၊ မွန်တေးနား၊ မြောက်ကာရိုလိုင်းနား၊ တောင်ဒါကိုတာနဲ့ အနောက်ဗာဂျီးနီးယား ပြည်နယ်တွေရဲ့ လွှတ်တော် ရွေးကောက်ပွဲတွေမှာ ရီပတ်ဘလစ်ကန်ပါတီက (၇) နေရာထက်မနည်း အနိုင်ရသွားပါတယ်။

ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် Mitch McConnell (၆) ကြိမ်မြောက် ပြန်လည် အရွေးခံရတဲ့ ကင်တပ်ကီပြည်နယ် အပါအဝင် အထက်လွှတ်တော်အမတ်နေရာ သုံးပုံတပုံကို အင်္ဂါနေ့ ရွေးကောက်ပွဲမှာ မဲပေးခဲ့ကြတာပါ။ အောက်လွှတ်တော်မှာလည်း အစကတည်းက နေရာအများစုရာထားတဲ့ ရီပတ်ဘလစ်ကန်တွေဟာ နောက်ထပ် ၉ နေရာထက်မနည်း တိုးပြီး အနိုင်ရလိုက်ပါတယ်။

ရီပတ်ဘလစ်ကန် ထိန်းချုပ်တဲ့ ကွန်ဂရက်လွှတ်တော် အနေနဲ့ လွှတ်တော်ကို ဒီမိုကရက်တွေ ထိန်းချုပ်ထားစဉ် မလုပ်ဆောင်နိုင်ခဲ့တဲ့ စွမ်းအင်နဲ့ အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ ဥပဒေတွေ ချမှတ်ဆောင်ရွက်နိုင်အောင် ကြိုးပမ်းသွားမယ်လို့ အောက်လွှတ်တော်ဥက္ကဋ္ဌ John Boehner က ပြောပါတယ်။

XS
SM
MD
LG