အင်္ဂါနေ့မှာ ကျင်းပခဲ့တဲ့ အမေရိကန် သက်တမ်းဝက်ရွေးကောက်ပွဲကနေ အခု ဒီမိုကရက်တစ်ပါတီက အောက်လွှတ်တော်ကို ထိန်းချုပ်မှုရသွားတာကြောင့် လာမယ့် နှစ်တွေ အတွင်း သမ္မတ Donald Trump ရဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ ဘာတွေ သက်ရောက်မှု ရှိမယ် ဆိုတာကို အမေရိကန်ရဲ့ မိတ်ဖက်တွေနဲ့ ပြိုင်ဘက်တွေက တွက်ချက်နေကြချိန်မှာပဲ ကမ္ဘာ့ခေါင်းဆောင်တွေက ရွေးကောက်ပွဲရလဒ်တွေနဲ့ပတ်သက်ပြီး တုန့်ပြန်ပြောဆိုနေကြပါတယ်။
အခုလို အောက်လွှတ်တော်ကို ထိန်းချုပ်လိုက်နိုင်တာအတွက် အမေရိကန်နိုင်ငံမှာ နေ့သစ်စပြီလို့ ဒီမိုကရက်တစ်ပါတီဝင်တွေက ပြောနေကြပေမယ့် ဒါဟာ အမေရိကန်နိုင်ငံခြားရေး မူဝါဒအတွက် အာရုံဦးအသစ် မဟုတ်ဖူးလို့ လန်ဒန်စီးပွါးရေးနဲ့ နိုင်ငံရေးသိပ္ပံက အမေရိကန် စင်တာ ဒါရိုက်တာ ဖြစ်တဲ့ နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ Peter Trubowitz က သုံးသပ်ပါတယ်။
သမ္မတ Trump အနေနဲ့ အခုအခါမှာ ပြည်တွင်းရေးထက် နိုင်ငံရပ်ခြားမူဝါဒရေးရာမှာ ပိုပြီး အာရုံစိုက် လုပ်ဆောင်လာ နိုင်တာမို့ တရုတ်နဲ့ ကုန်သွယ်ရေး အီရန်အရေး အပြင် မက်ဆီကို နယ်စပ်အရေးတွေကို ပုံအော လုပ်လာနိုင်ချေရှိနေတယ်လို့ တွက်ပါတယ်။ ဒါ့အပြင် အောက်လွှတ်တော်က ဒီမိုကရက်တွေက Trump ရဲ့ တရုတ်ဆိုင်ရာ ရပ်တည်ချက်ကို ပံ့ပိုးပေးလာနိုင်တယ်လို့ ဆိုပါတယ်။
ဥရောပ ဘက်ကလည်းသူတို့ရဲ့ အဓိက တင်ပို့ကုန်တွေ ဖြစ်တဲ့ ကားလို ပစ္စည်းမျိုးအတွက် အမေရိကန်ရဲ့ အခွန်ကောက်ခံမှုကို စိုးရိမ်နေကြတာဖြစ်ပြီး အခု ရွေးကောက်ပွဲရလဒ်က ဒီတင်းမာမှုအခြေနေကို ပြေလျော့သွားစေနိုင်မှာ မဟုတ်ဖူးလို့ ဂျာမဏီနိုင်ငံခြားရေး ဝန်ကြီး ဟိုင်ကိုမါရှ် Heiko Maas က ပြောပါတယ်။
ရုရှားသမ္မတ Vladimir Putin ရဲ့ ပြောခွင့်ရ Dmitry Peskov ကလည်း အမေရိကန်နဲ့ ဆက်ဆံရေး ပြောင်းလဲလာဖို့ မမြင်ကြောင်းနဲ့ အမေရိကန် - ရုရှား ဆက်ဆံရေး ပုံမှန်အနေထား ပြန်ရောက်လာဖို့ မျှော်လင့်ချက်လည်း သိပ်မရှိဘူးလို့ AP သတင်းဌာနကို ပြောပါတယ်။
အမေရိကန်က ရွေးကောက်ပွဲရလဒ်ကြောင့် အရှေ့အလယ်ပိုင်း ဒေသတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြောင်းမပစ်ဖို့ အစ္စရေးက တိုက်တွန်းနေသလို အစ္စရေးဆိုင်ရာ အမေရိကန် သံရုံးကို Tel Aviv ကနေ Jerusalem ကို ပြောင်းခဲ့တာနဲ့ ပတ်သက်ပြီး မကြေနပ်တဲ့ ပါလက်စတိုင်းကတော့ ဒီမိုကရက်တွေက တကယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖြစ်လာအောင် လုပ်ဆောင်မှာမို့ အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်လို့ သမ္မတ Mahmoud Abbas ကမျှော်လင့်နေကြောင်း သမ္မတရဲ့ အကြံပေး Nabil Shaath ကပြောပါတယ်။