သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိင်တူနှစ်သက်သူတွေ အမေရိကန်စစ်တပ် လက်ခံတော့မည်


လိင်တူနှစ်သက်သူတွေ အမေရိကန်စစ်တပ် လက်ခံတော့မည်
လိင်တူနှစ်သက်သူတွေ အမေရိကန်စစ်တပ် လက်ခံတော့မည်

အမေရိကန်တပ်မတော်မှာ လိင်တူဆက်ဆံသူ အမျိုးသား အမျိုးသမီးတွေ စစ်မှုမထမ်းရ ဆိုတဲ့ တားဆီး ပိတ်ပင်ထားတာကို လာမယ့် စက်တင်ဘာလ ၂၀ ရက်နေ့မှာ ပယ်ဖျက်လိုက်တော့မယ်လို့ ဇူလိုင်လ ၂၂ ရက်နေ့က အမေရိကန်သမ္မတ အိုဘားမားက ကြေညာလိုက်ပါတယ်။ အခုလို အမျိုးသား အမျိုးသမီး ခွဲခြားဆက်ဆံမှုနဲ့ အမေရိကန်စစ်ဘက်ရဲ့ အမြဲတိုက်ပွဲဝင် အသင့်အနေအထား ရှိမှု၊ အမေရိကန်တွေရဲ့ တရားမျှတမှုနဲ့ တန်းတူညီမျှဖြစ်မှု ဆိုတဲ့စံတွေကို ပျက်ယွင်းစေတဲ့ အဲဒီတားဆီး ပိတ်ပင်မှု အဆုံးသတ်ရေး လိုအပ်မယ့် ဆောင်ရွက်ချက်တွေကို ရရှိခဲ့ပြီလို့ ကွန်ဂရက်စ် လွှတ်တော်ကို သူ အသိပေးခဲ့ကြောင်း သမ္မတ အိုဘားမားရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အမေရိကန် တပ်မတော်ထဲမှာ လိင်တူဆက်ဆံသူ စစ်မှုထမ်းရေးနဲ့ပတ်သက်ပြီးတော့ ဒီအကြောင်းကို မပြောရမမေးရ ဆိုတဲ့မူဝါဒ ချမှတ်ထားတဲ့ ၁၇ နှစ်ကြာ ဥပဒေ ပယ်ဖျက်လိုက်ခြင်းကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက သမ္မတ အိုဘားမားက လက်မှတ်ရေးထိုးခဲ့ပြီးတော့ မနေ့က ထုတ်ပြန်တဲ့ကြေညာချက်နဲ့ ထပ်ပြီး အားဖြည့်ခဲ့တာဖြစ်ပါတယ်။

ဒီဥပဒေကို ရုတ်သိမ်းလိုက်ရင် အမေရိကန်တပ်မတော်ရဲ့ တိုက်ပွဲဝင်နိုင်မှု အသင့်ရှိခြင်းကို ထိခိုက်ခြင်းရှိမရှိ ကာကွယ်ရေးဝန်ကြီးသစ် လီယွန် ပန်နက်တာ (Leon Panetta) နဲ့ ထိပ်တန်း ခေါင်းဆောင်တွေက အရင် အာမခံကြရမှာဖြစ်ပါတယ်။

အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်ကတော့ ဒီအာမခံချက်ကို ကာကွယ်ရေး ဝန်ကြီးဌာနကနေ ဇူလိုင်လ ၂၀ ရက်နေ့ ညသန်းခေါင်မှာ သမ္မတ အိုဘားမားဆီကို ပေးပို့ခဲ့ပြီးပြီလို့ ပြောဆိုခဲ့ပါတယ်။ လက်ထောက် ကာကွယ်ရေးဝန်ကြီး ကလစ်ဖို့ဒ် စတန်လေ (Clifford Stanley) ကလည်း လိင်တူဆက်ဆံသူ အမျိုးသား အမျိုးသမီးတွေ အမေရိကန်တပ်မတော်မှာ ပွင့်ပွင့်လင်းလင်း စစ်မှုထမ်းခွင့်ရကြဖို့ ဒီဥပဒေသစ်ကို အကောင်အထည်ဖော်ဖို့ အမေရိကန်တပ်မတော်က အဆင့်သင့် ဖြစ်နေပြီး ဒီခွဲခြားမှုကို ဆက်ပြီးကျင့်သုံးနေမယ်ဆိုရင် နည်းနည်းမှ သည်းခံမှာမဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

XS
SM
MD
LG