သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှမှာ အမေရိကန် စစ်အင်အား ဆက်လက်ပြ


အာရှမှာ အမေရိကန် စစ်အင်အား ဆက်လက်ပြ
အာရှမှာ အမေရိကန် စစ်အင်အား ဆက်လက်ပြ

အမေရိကန်နဲ့ ဂျပန်တပ်သားပေါင်း ၄၀,၀၀၀ ဟာ လာမယ့် သောကြာနေ့ကျရင် တောင်ကိုရီးယား ကမ်းခြေမှာ အဓိကကျတဲ့ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဖို့ စတင် ဆောင်ရွက်နေပါပြီ။ အဲဒီ စစ်ရေး လေ့ကျင့်မှုအတွက် လွန်ခဲ့တဲ့ တနှစ်ကျော်ကတည်းက ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲတုန်းက မြောက်ကိုရီးယားက တောင်ကိုရီးယားပိုင် ကျွန်းကို အမြောက်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့လို့ ဖြစ်လာရတဲ့ တင်းမာမှုတွေကြားမှာ အခုလို ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ကြိုဆိုကြောင်း ဂျပန် ကာကွယ်ရေး အရာရှိတွေက ပြောပါတယ်။

၇ ရက်ကြာမယ့် အဲဒီ စစ်ရေးလေ့ကျင့်မှုက တောင်ကိုရီးယားပိုင် ကျွန်းပေါ်မှာ လူ ၄ ဦး သေဆုံးခဲ့တဲ့ မြောက်ကိုရီးယားရဲ့ တိုက်ခိုက်မှုအပေါ် ပစိဖိတ် အင်အားကြီး နိုင်ငံတွေက စစ်ရေးနဲ့ သံတမန်ရေး တုံ့ပြန် ဆောင်ရွက်ချက်တွေထဲက နောက်ဆုံး တုံ့ပြန်မှုလည်း ဖြစ်ပါတယ်။

လာမယ့် တနင်္လာနေ့ကျရင် အမြောက်ပစ် လေ့ကျင့်မှုသစ်တွေ လုပ်မှာဖြစ်ကြောင်း တောင်ကိုရီးယားက ကြေညာထားပါတယ်။

အဲဒီလို စစ်ရေး လေ့ကျင့်နေတာနဲ့ တချိန်တည်းမှာပဲ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးတွေဟာ ဝါရှင်တန်ဒီစီ မြို့တော်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်နဲ့ တွေ့ဆုံ ဆွေးနွေးကြဖို့ ရှိပါတယ်။

တောင်ကိုရီးယား ထောက်လှမ်းရေး အကြီးအကဲက မြောက်ကိုရီးယားဘက်က တိုက်ခိုက်မှု အသစ်တွေ ရှိလာနိုင်ကြောင်း သတိပေးနေတဲ့ ကြားကပဲ တရုတ်ကတော့ မြောက်ကိုရီးယားကို ထောက်ခံကြောင်း ထုတ်ပြန်ချက်သစ်ကို ကြေညာခဲ့ပါတယ်။

XS
SM
MD
LG