အမေရိကန်ပြည်ထောင်စုမှာ အကြမ်းဖက်သမားလို့ ယူဆသူတွေကို ထိမ်းသိမ်းတာ၊ စစ်ဆေးမေးမြန်းတာ၊ အရေးယူတာတွေနဲ့ပတ်သတ်တဲ့ ဥပဒေတွေအပေါ် သဘောထားကွဲလွဲမှုတွေ အကြီးအကျယ် ရှိနေတဲ့ကြားက သမ္မတ ဘရက်အိုဘားမား (Barack Obama) က စစ်ရေးအသုံးစရိတ် ဥပဒေမူကြမ်းကို လက်မှတ်ရေးထိုး ပေးလိုက်ပါတယ်။
ဒေါ်လာ သန်း ၆၆၂,၀၀၀ ချမှတ်ပေးတဲ့ ဥပဒေမူကြမ်းကို ဟာဝိုင်အီကျွန်းကို အပန်းဖြေခရီး ထွက်နေတဲ့ သမ္မတက စနေနေ့မှာ လက်မှတ်ရေးထိုး ပေးခဲ့တာပါ။ အဲဒီလို လက်မှတ် ရေးထိုးပေးတဲ့အခါမှာ နိုင်ငံတော်ကို အကာအကွယ်ပေးဖို့ လုပ်ဆောင်တဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး အရာရှိတွေရဲ့ စွမ်းဆောင်နိုင်မှုကို ကန့်သတ်ဖို့ ကြိုးစားပါတယ်ဆိုပြီး သမ္မတက အမတ်တချို့ကို အပြစ်တင်ခဲ့ပါတယ်။
ဖမ်းဆီးမိတဲ့ အကြမ်းဖက်သမားလို့ ယူဆရတဲ့သူတွေကို အမေရိကန်ပြည်ထောင်စုရဲ့ အခြေခံဥပဒေပါ အခွင့်အရေးကို မချိုးဖောက်မိစေဘဲ ဘယ်လိုကိုင်တွယ်မလဲ ဆိုတာနဲ့ ပတ်သတ်လို့ လပေါင်းများစွာ ငြင်းခုံနေကြတာမှာ အခုတော့ သမ္မတက လက်မှတ်ရေးထိုးပြီး သွားပါပြီ။ အစတုန်းကတော့ အိမ်ဖြူတော်က ဒီဥပဒေမူကြမ်းကို ဗီတိုအာဏာနဲ့ ပယ်ချမယ်လို့ ခြိမ်းခြောက်ခဲ့ပေမဲ့ လွှတ်တော်က ပြင်ဆင်မှုတချို့ လုပ်ပြီးတဲ့နောက်မှာ ဆက်မခြိမ်းခြောက်တော့ပါဘူး။
အဲဒီဥပဒေမူကြမ်းက အီရန်နိုင်ငံက သူတို့ရဲ့ နျူကလီးယားလက်နက် သတ္တုသန့်စင်ရေး အစီအစဉ်အတွက် ငွေကြေးသုံးစွဲနိုင်တာနဲ့ ပတ်သတ်ပြီးလည်း အရေးယူပိတ်ဆို့မှုအသစ် ပြုလုပ်ထားတာပါ။ ဆုံးဖြတ်ချက် ကျမလာသေးတဲ့ အဲဒီ အရေးယူပိတ်ဆို့မှုကို တုံ့ပြန်တဲ့အနေနဲ့ ပါရှန်ပင်လယ်ကွေ့ရဲ့ ဝင်ပေါက်ဖြစ်တဲ့ Hormuz ရေလက်ကြားကို ပိတ်ပစ်မယ်လို့ အီရန်က ပြန်ခြိမ်းခြောက်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုကလည်း ရေလက်ကြား မပိတ်စေရဘူးဆိုပြီး ပြန်တုံ့ပြန်ပါတယ်။
ရေလက်ကြားသာ ပိတ်သွားခဲ့မယ်ဆိုရင် ရေနံတင်ပို့မှု ယာယီပြတ်တောက်သွားမှာ ဖြစ်ပြီး လောင်စာဆီ ဈေးတွေ တက်ကုန်နိုင်ပါတယ်။