မြောက်ကိုရီးယားက နျူးကလီးယာ စမ်းသပ်မှုအချိန်မရွေးလုပ်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းမှုတွေထွက်ပေါ်နေချိန်မှာပဲ နျူးကလီးယား စွမ်းအင်သုံး အမေရိကန် ရေငုပ်သင်္ဘောတစင်း တောင်ကိုရီးယားဆိပ်ကမ်းတခုဆီကို ဆိုက်ရောက်လာခဲ့ပါတယ်။ တချိန်ထဲမှာပဲ မြောက်ကိုရီးယားအရေးကို ဖြေရှင်းနိုင်ဖို့ အမေရိကန်က ဒေသတွင်းနိုင်ငံတွေနဲ့ သံတမန်ရေးအရ ကြိုးပမ်းနေပါတယ်။ မြောက်ကိုရီးယားရဲ့ရန်ကို စစ်ရေးနဲ့တုံ့ပြန်နိုင်တယ်ဆိုတာမျိုး အမေရိကန်က ပြသနေသလို တဖက်ကလည်းသံတမန်ရေးနည်းနဲ့ ဖြေရှင်းနိုင်ဖို့ ဆောင်ရွက်နေတဲ့အကြောင်း မစုမြတ်မွန်က စုစည်းတင်ပြပါမယ်။
မြောက်ကိုရီးယားရဲ့ ရန်လိုတဲ့အပြောနဲ့ လုပ်ရပ်တွေကြေင့် ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုဘယ်တုန်းကမှနဲ့မတူအောင် မြင့်တက်နေချိန်မှာ နျူးကလီးယား စွမ်းအင်သုံး အမေရိကန်ရေငုပ်သင်္ဘော USS Michigan ဟာ တောင်ကိုရီးယား Busan ဆိပ်ကမ်းကို အင်္ဂါနေ့က ရောက်ရှိကမ်းကပ်ခဲ့ပါတယ်။ ကိုရီးယားကျွန်းဆွယ်ဖက်ကို ဦးတည်လာနေတဲ့ အမေရိကန်ရေတပ် လေယာဉ်တင်သင်္ဘောကြီး Carl Vinson ဦးဆောင်တဲ့ တိုက်ခိုက်ရေး ရေယာဉ်အုပ်စုနဲ့ပူးပေါင်းဖို့ ရှေ့ပြေးရောက်နေတာဖြစ်ပါတယ်။ ဧပြီလ ၂၅ ရက်နေ့ဟာ မြောက်ကိုရီးယားစစ်တပ်ကို တည်ထောင်တဲ့ ၈၅ နှစ်ပြည့် နှစ်ပါတ်လည်ဖြစ်တာကြောင့် မြောက်ကိုရီးယားနိုင်ငံအရှေ့ဖက် Wonsan မြို့မှာ ကျည်အစစ်တွေနဲ့ ပြစ်ခတ်စစ်ရေးပြပွဲလုပ်ခဲ့ပါတယ်။ တာဝေးပစ် လက်နက်ကြီးအမြောက်အများကို Wonsan မှာ မြောက်ကိုရီးယားက ဖြန့်ချထားတယ်လို့ တောင်ကိုရီးယား Yonhap သတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။ မြောက်ကိုရီးယားဖက်က ၆ ကြိမ်မြောက် နျူးကလီးယား လက်နက်စမ်းသပ်မှုလုပ်မှာကို စိုးရိမ်နေကြတာနဲ့အတူ အမေရိကန်၊ ဂျပန်နဲ့တောင်ကိုရီးယားတာဝန်ရှိသူတွေ ဂျပန်နိုင်ငံ Tokyo မြို့တော်မှာ အင်္ဂါနေ့ကတွေ့ဆုံပြီး မြောက်ကိုရီးယားအရေးကို ဆွေးနွေးခဲ့ကြပါတယ်။ မြောက်ကိုရီးယားအပေါ် သံတမန်ရေး၊ စစ်ရေးနဲ့ စီးပွားရေးဆိုင်ရာဆောင်ရွက်မှုတွေကို မဟာမိတ်နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်သွားကြဖို့ သဘောတူခဲ့တယ်လို့ မြောက်ကိုရီးယားမူဝါဒရေးရာ အမေရိကန်တာဝန်ရှိသူ Joseph Yun ကဆွေးနွေးပွဲအပြီးမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးက Missile ဒုံးလက်နက်နဲ့ နျူးကလီးယား အစီအစဉ်စွန့်လွှတ်ရေးမှာ တရုတ်နိုင်ငံက အဓိကကျတယ်လို့ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယား ၃ နိုင်ငံလုံးက သဘောတူခဲ့ကြပါတယ်။
“တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍနဲ့ပါတ်သက်လို့လည်း ကျွန်တော်တို့တော်တော်ကြာကြာဆွေးနွေးဖြစ်ခဲ့ပါတယ်။ တရုတ်အနေနဲ့ အင်မတန် အရေးကြီးတဲ့နေရာကနေ ပါဝင်နိုင်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ သမ္မတ Trump နဲ့ သမ္မတရှီတို့ Mar-a-Lago အပန်းဖြေစံအိမ်မှာ ဆွေးနွေးပွဲပြီးနောက်မှာ တရုတ်ရဲ့ဆောင်ရွက်မှုတွေအပေါ် ကျွန်တော်တို့ အားတက်ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ တရုတ်နဲ့အနီးကပ်ဆက်ပြီး ဆွေးနွေးဆောင်ရွက်သွားပါမယ်။”
မြောက်ကိုရီးယားဖက်က နောက်ထပ်ရန်စတဲ့လုပ်ရပ်တွေရှိလာနိုင်သေးတဲ့အတွက် ထိမ်းထိမ်းသိမ်းသိမ်းလုပ်ဖို့ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယား ၃ နိုင်ငံက ပြင်းပြင်းထန်ထန် တိုက်တွန်းတယ်လို့လည်း ဂျပန်နိုင်ငံခြားရေးဌာန အာရှနဲ့ သမုဒ္ဒရာဒေသဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် Kenji Kanasugi က ပြောပါတယ်။ တရုတ်နဲ့ မြောက်ကိုရီးယားကိစ္စကို ပိုပြီးဆောင်ရွက်ဖို့ဆွေးနွေးမှုတွေ မကြာခင်လုပ်မယ့်အကြောင်းလဲ ခုလိုပြောကြားခဲ့ပါတယ်။
“မြောက်ကိုရီးယားအရေးမှာ တရုတ်နိုင်ငံက ပိုပြီးအသေးစိတ်၊ ထဲထဲဝင်ဝင် ပါဝင်လာရေးကို ကျွန်တော်တို့သဘောတူခဲ့ကြပါတယ်။ ဒီကိစ္စကြောင့်ပဲ တရုတ်အထူးသံတမန် Wu Dawei ဂျပန်ကို မကြာခင်လာပါလိမ့်မယ်။ ဂျပန်၊ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ သဘောထားတွေကို တရုတ်ကို ပြောပြနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။”
မြောက်ကိုရီးယားရဲ့ တခုတည်းသောမဟာမိတ်ဖြစ်တဲ့ တရုတ်အစိုးရက မြောက်ကိုရီးယားလက်နက်အစီအစဉ်အတွက် အဆင့်မြင့်နည်းပညာတွေပေးနေတဲ့ တရုတ်ကုမ္ပဏီတွေအပေါ် မသိကျိုးကျွံပြုထားတယ်လို့ လေလ့ာသူတွေက ထောက်ပြပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားအပေါ် ရေနံတင်ပို့မှုနဲ့ နိုင်ငံခြားငွေကြေးလဲလှယ်ရေး ကူညီပေးမှုတွေကို ရပ်တံ့သင့်တယ်လို့လည်းပြောကြပါတယ်။ မြောက်ကိုရီးယားအစိုးရကို ထိခိုက်နိုင်တဲ့ဆောင်ရွက်မှုတွေလုပ်ဖို့ တရုတ်အစိုးရက တွန့်ဆုတ်နေပေမဲ့ အမေရိကန်နဲ့ မြောက်ကိုရီယားကြားတင်းမာမှုကနေ ပဋိပက္ခတွေဖြစ်လာမှာကိုတော့ တရုတ်နိုင်ငံကစိုးရိမ်ပါတယ်။
ကိုရီးယားကျွန်းဆွယ်မှာဖြစ်နေတဲ့ ပြဿနာကို ဂျပန်နိုင်ငံအပါအဝင် သက်ဆိုင်တဲ့နိုင်ငံတိုင်းက ငြိမ်းချမ်းတဲ့အဖြေရှာနိုင်ဖို့ တရုတ်နဲ့အတူ လက်တွဲဆောင်ရွက်သွားဖို့ မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရသူ Geng Shuang ကပြောကြားခဲ့တာပါ။ ခုလိုမြောက်ကိုရီယားအရေးကို သံတမန်နည်းနဲ့ဆွေးနွေးအဖြေရှာဖို့ပြောနေကြတဲ့ တချိန်တည်းမှာ စစ်ရေးအရဆောင်ရွက်မှုတွေလည်း ရှိနေပါတယ်။ ကိုရီးယားကျွန်းဆွယ်နားမှာ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်ရေတပ်ပူးပေါင်း စစ်ရေးလေ့ကျင့်မှုလုပ်နေကြပါတယ်။ အမေရိကန်ဖျက်သင်္ဘော USS Wayne E. Meyer နဲ့ တောင်ကိုရီးယားဖျက်သင်္ဘောတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပင်လယ်ဝါထဲမှာ လုပ်နေသလို နောက်ထပ်ဖျက်သင်္ဘော USS Fitzgerald က ဂျပန်ဖျက်သင်္ဘောနဲ့ ဂျပန်ပင်လယ်ထဲမှာ ပူးတွဲစစ်ရေးလေ့ကျင့်နေကြပါတယ်။ ခုရက်ပိုင်းအတွင်း ကိုရီးယားကျွန်းဆွယ်နားရောက်လာမယ့် အမေရိကန်လေယာဉ်တင်သင်္ဘောကြီး USS Carl Vinson နဲ့ရေတပ်တိုက်ခိုက်ရေးအုပ်စုဟာလည်း တောင်ကိုရီးယားရေတပ်နဲ့ပေါင်းပြီး တိုက်ခိုက်ရေးလေ့ကျင့်မှုတွေလုပ်ကြမှာဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့ အန္တရာယ်နဲ့ပါတ်သက်တဲ့ ရှင်းလင်းမှုလုပ်ဖို့ သမ္မတ Donald Trump ကလည်း အထက်လွှတ်တော်အမတ်အားလုံးကို အိမ်ဖြူတော်ကို လာဖို့ဖိတ်ခေါ်ထားပါတယ်။ အမေရိကန်ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ထောက်လှမ်းရေးဌာနညွှန်ကြားရေးမှူးနဲ့ ပူးပေါင်းတပ်များရဲ့ ဦးစီးချုပ်တို့က အထက်လွှတ်တော်အမတ်တွေကို ဒီကနေ့ဗုဒ္ဓဟူးနေ့မှာ တံခါးပိတ် ရှင်းလင်းပြောကြားမှာဖြစ်ပါတယ်။ တနင်္လာနေ့တုန်းကတော့ သမ္မတ Trump ဟာ မြောက်ကိုရီးယားကိစ္စကို တရုတ်သမ္မတ Xi Jinping ဂျပန်ဝန်ကြီးချုပ် Shinzo Abe တို့နဲ့ ဖုန်းနဲ့ဆက်သွယ် ဆွေးနွေးခဲ့ပါတယ်။