သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအပေါ် အရေးယူဖို့ အမေရိကန် အဆင်သင့်


အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel
အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel
ဆီးရီယားနိုင်ငံ ပြည်တွင်းစစ်မှာ ဓာတုလက်နက် အသုံးပြုတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ ဆီးရီးယားအစိုးရကို လက်တုံ့ပြန် တိုက်ခိုက်ဖို့ သမ္မတ အိုဘားမားက အမိန့်ပေးလာရင် အမေရိကန်စစ်တပ်အနေနဲ့ အရေးယူဆောင်ရွက်ဖို့ အသင့်ရှိနေပြီလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက် ဟေဂယ်လ် (Chuck Hagel) က ပြောလိုက်ပါတယ်။

သမ္မတ အိုဘားမားကနေ အရေးယူဆောင်ရွက်ဖို့ ဆန္ဒရှိတဲ့ ဘယ်နည်းလမ်းကိုမဆို အပြည့်အ၀ လိုက်နာဆောင်ရွက်သွားနိုင်ဖို့ အမေရိကန် စစ်တပ်အနေနဲ့ နေရာချထားမှုတွေ လုပ်ဆောင်ခဲ့ပြီးပြီလို့ မစ္စတာ ဟေဂယ်လ် က BBC သတင်းဌာနကို ပြောသွားတာပါ။

ဆီးရီယားနိုင်ငံမှာ ဓာတုလက်နက် အသုံးပြုတယ်ဆိုတာနဲ့ ပတ်သက်လို့ တရားဝင် သုံးသပ်ဆုံးဖြတ်ချက်တရပ်ကို အခု အင်္ဂါနေ့မှာ အမေရိကန် ပြည်ထောင်စုက ထုတ်ပြန် ကြေညာဖွယ်ရှိတယ်လို့ အေပီ သတင်းဌာနမှာ ရေးသားပါတယ်။

ဆီးရီးယားအစိုးရကတော့ ဓာတုလက်နက်နဲ့ တိုက်ခိုက်မှု လုပ်တယ်ဆိုတာကို ငြင်းဆန်ပြီး၊ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက လူရာဂဏန်း သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုအပေါ် သူပုန်တွေကို အပြစ်တင်ထားပါတယ်။ ဆီးရီးယားမှာ ဓာတုလက်နက် အသုံးပြုတယ်ဆိုတာနဲ့ ပတ်သက်ပြီး၊ ဆီးရီးယား သမ္မတ ဘာရှား အယ်လ် အာဆပ် (Bashar al-Assad) ကို အပြစ်ပေးဖို့ အမေရိကန်နဲ့ အခြား အနောက် အင်အားကြီး နိုင်ငံအချို့က အကန့်အသတ်ဆောင်ပြီး ပစ်မှတ်ထားတဲ့ လက်တုံ့ပြန်မှုတခု လုပ်ဖို့ စဉ်းစားသုံးသပ်နေတယ်လို့ သတင်းတွေမှာ ရေးသားဖော်ပြနေကြပါတယ်။

ဆီးရီးယားအခြေအနေနဲ့ ပတ်သက်လို့ အမေရိကန်-ရုရှား ဆွေးနွေးကြဖို့ အခု သီတင်းပတ်ကုန်ပိုင်း စီစဉ်ထားတာကို အမေရိကန်ဘက်က ဆိုင်းငံ့ထားလိုက်ပါတယ်။ ဆီးရီးယား ပဋိပက္ခအပေါ် နိုင်ငံရေးအရ အဖြေရှာနိုင်ဖို့အတွက် အမေရိကန်-ရုရှား ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ အခု ဗုဒ္ဓဟူးနေ့ The Hague မြို့မှာ ဆွေးနွေးပွဲ ပြုလုပ်ဖို့ စီစဉ်ခဲ့ကြတာပါ။

ဒါပေမဲ့လည်း ဆီးရီးယားနိုင်ငံမှာ ဓာတုလက်နက် အသုံးပြုတယ်ဆိုတဲ့ သတင်းတွေအပေါ် ဘယ်လို တုံ့ပြန်ရမလဲဆိုတာ အမေရိကန်ဘက်က တိုင်ပင်ညှိနှိုင်းမှုတွေ လုပ်နေရတာကြောင့် အမေရိကန်-ရုရှား ဆွေးနွေးပွဲ ကို ရွှေ့ဆိုင်းထားရတာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက အကြီးတန်း တာဝန်ရှိသူတဦးက တနင်္လာနေ့က ပြောခဲ့ပါတယ်။

အမေရိကန်ဘက်က အခုလို ဆုံးဖြတ်တဲ့အပေါ် ရုရှားအနေနဲ့ စိတ်မကောင်း ဖြစ်မိတယ်လို့ ရုရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Gennady Gatilov က ပြောပါတယ်။
XS
SM
MD
LG