သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS ခေါင်းဖြတ်သမား Jihadi John ဗုံးထိမှန် သေဆုံးဟု ကန်ယူဆ


IS ခေါင်းဖြတ်သမား Jihadi John
IS ခေါင်းဖြတ်သမား Jihadi John

အနောက်တိုင်းသား ဓားစာခံတွေကို ရက်ရက်စက်စက် သတ်ပြတဲ့ ဗွီဒီယိုတွေထဲက ဗြိတိန်နိုင်ငံသား IS စစ်သွေးကြွ ဂျီဟာဒီ ဂျွန် (Jihadi John) ဆိုသူဟာ ဆီးရီးယားနိုင်ငံက လေကြောင်းတိုက်ခိုက်မှု တခုအတွင်း - သေဆုံးခဲ့တယ် ဆိုတာ သေချာသလောက်ပဲလို့ အမေရိကန်စစ်တပ်က ပြောဆိုလိုက်ပါတယ်။

ကြာသပတေးနေ့နှောင်းပိုင်းက ကားတစင်းကို မောင်းသူမဲ့ Drone လေယာဉ်နဲ့ တိုက်ခိုက်မှုအတွင်း - ရည်ရွယ်ထားတဲ့ ပစ်မှတ်ကို ထိမှန်သေဆုံးခဲ့ကြောင်း စစ်ဖက်ဆိုင်ရာ အရာရှိတွေက ယုံကြည်ထားတဲ့အကြောင်း - IS စစ်သွေးကြွတွေကို နှိမ်နင်းတဲ့ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စတိ ဝါရန် (Steve Warren) က ပြောဆိုခဲ့တာပါ။

Jihadi John ဆိုသူ သေ - မသေဆိုတာ သေချာဖို့အတွက် နောက်ဆုံး အတည်ပြုချက် လိုသေးတယ်လို့လည်း ဗိုလ်မှူးကြီး ဝါရန်း က ပြောဆိုခဲ့ပါတယ်။ တိုက်ခိုက်မှုအတွင်း သေဆုံးသူ နောက်တယောက်ကတော့ ယာဉ်မောင်းသူ၊ ဒါမှမဟုတ် သက်တော်စောင့်တဦး ဖြစ်နိုင်တယ်လို့လည်း ပြောခဲ့ပါတယ်။

မိုဟာမက် အမ်ဝါဇီ (Mohamed Emwazi) လို့ အနောက်တိုင်း ထောက်လှမ်းရေး ဌာနတွေ အတည်ပြုထားတဲ့ Jihadi John ဟာ - ဆီးရီးယားနိုင်ငံက IS အဖွဲ့ ထိန်းချုပ်ထားတဲ့ ရက်ကာမြို့ (Raqqa) က ကားတစင်းပေါ် လိုက်ပါလာစဉ် ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။ တိုက်ခိုက်မှုအတွင်း ပစ်မှတ်ထားတဲ့ ကားကို တိတိကျကျ ထိမှန်ခဲ့တယ်လို့လည်း အမေရိကန် ထိပ်တန်းအရာရှိတွေက ပြောဆိုခဲ့ကြပါတယ်။

ကူဝိတ်နိုင်ငံဖွား ဗြိတိန်နိုင်ငံသား Jihadi John ဟာ - ဓားစာခံတွေကို ခေါင်းဖြတ် သတ် တဲ့ ဗွီဒီယိုတွေမှာ ပါကတည်းက အနောက်နိုင်ငံ ထောက်လှမ်းရေးအဖွဲ့တွေရဲ့ ထိပ်ဆုံးက ပစ်မှတ်ထား ခံရသူတွေထဲမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG