သုံးရလွယ်ကူစေသည့် Link များ

ဥရောပမှာ ကန်ဒုံးကျည်တပ်ဆင်မှု ရုရှား လက်တုန့်ပြန်မည်


ရိုမေးနီးယားနိုင်ငံ Deveselu ရှိ အမေရိကန် ဒုံးကျည် ကာကွယ်ရေး စခန်း။ ဓါတ်ပုံ - (AP Photo/Vadim Ghirda)

ဥရောပထဲမှာ တပ်ဆင်မယ့် ဒုံးကျည် ကာကွယ်ရေး စနစ်နဲ့ ပတ်သက်လို့ အမေရိကန်တို့ကို ဆန့်ကျင်ဖို့ဆိုရင် ရုရှားနိုင်ငံအနေနဲ့ လက်တုန့်ပြန်တာက လွဲရင် ရွေးချယ်စရာရှိမှာမဟုတ်ဘူးလို့ သမ္မတ Vladimier Putin က သတိပေး လိုက်ပါတယ်။ ရိုမေးနီးယားနဲ့ ပိုလန်နိုင်ငံကို အမေရိကန်က ဒုံးကျည် ကာကွယ်ရေး စနစ်တွေ ပေးပို့ပြီးတာနဲ့ သူ့အနေနဲ့ တုန့်ပြန်မှာဖြစ်တဲ့အကြောင်း ဂရိနိုင်ငံ၊ အေသင်မြို့ကို ရောက်နေတဲ့ ပူတင်က သူ့မိန့်ခွန်းအတွင်း ထည့်သွင်း ပြောဆို သွားပါတယ်။

ရိုမေးနီးယား နိုင်ငံထဲက လူတွေက ကြားက မြေစာပင်ဖြစ်ရမယ့်အကြောင်း မနေ့တုန်းကတော့ သိခဲ့ကြမှာ မဟုတ်သလို ရုရှားရဲ့ လုံခြုံရေးကို သေချာရှိဖို့ တချို့ ကိစ္စတွေကို လုပ်ကိုလုပ်ရတော့မှာ ဖြစ်တဲ့ အကြောင်းနဲ့ ပိုလန်နိုင်ငံလည်း ဒီလိုအလားတူ အဖြစ်မျိုးဖြစ်လိမ့်မယ် လို့ ဂရိဝန်ကြီးချုပ် Alexis Tsipras နဲ့ တွေ့ဆုံအပြီးမှာ မစ္စတာ ပူတင်ကပြောသွားတာပါ။

အမေရိကန်ရဲ့  ဒုံးကျည် ကာကွယ်ရေးစနစ်က ရုရှားနိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တဲ့ လုပ်ရပ်အဖြစ် ပြောဆိုနေတဲ့ ပူတင်က ဒုံးကျည် ကာကွယ်ရေး စနစ်ကို ဘယ်လို လက်တုန့်ပြန်လုပ်ဆောင်သွားမလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ပြောမသွားပါဘူး။ ရုရှားအနေနဲ့ ပထမခြေလှမ်းစသူ မဟုတ်ပဲ အမေရိကန်ရဲ့ လုပ်ရပ်ကို တုန့်ပြန်တာ သာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒုံးကျည် ကာကွယ်ရေး စနစ်နဲ့ ပတ်သက်လို့ ပူတင်ရဲ့ မှတ်ချက်ပေး ပြောဆိုမှုကို အမေရိကန်တို့ ဘက်က ဘယ်လိုမှ မတုန့်ပြန်သေးပါဘူး။

ရိုမေးနီးယားနိုင်ငံက Deveselu ဒုံးကျည်စခန်းက ဒီလ အစောပိုင်းကပဲ စတင် လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။ ဒုံးကျည် ကာကွယ်ရေးစနစ်ဟာ ကာကွယ်ရေး လုပ်ငန်းသက်သက် အတွက်သာဖြစ်တယ်လို့ အမေရိကန်နဲ့ မြောက်အန္တလန်တိတ် စစ်စာချုပ် အဖွဲ့ NATO တို့က အကြိမ်ကြိမ်ပြောဆိုနေတာဖြစ်ပါတယ်။ Software ကို ခလုတ်ပြောင်း လိုက်ရုံနဲ့ ဒုံးကျည်တွေဟာ ကာကွယ်ရေးစနစ်ကနေ တိုက်ခိုက်ရေး လက်နက်တွေ အဖြစ် အလွယ်ကလေး ပြောင်းသွားနိုင်တယ်လို့ ပူတင်က ပြောပါတယ်။

XS
SM
MD
LG