သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ချစ်ကြည်ရေး တေးဂီတအဖွဲ့ မြန်မာပြည် လာရောက်မည်


အမေရိကန် ချစ်ကြည်ရေး တေးဂီတအဖွဲ့ မြန်မာပြည် လာရောက်မည်
အမေရိကန် ချစ်ကြည်ရေး တေးဂီတအဖွဲ့ မြန်မာပြည် လာရောက်မည်

အမေရိကန် ဘလူးစ်တေးဂီတ အဖွဲ့တခုဖြစ်တဲ့ Earth String Band ဟာ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ပညာရေးနဲ့ ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်နဲ့ ရှေ့လထဲမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိနေပါတယ်။ ဒီ အာရှခရီးစဉ်နဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဌာန အရာရှိတဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“Earth String Band ဘလူးစ် တေးဂီတအဖွဲ့ဟာ ရှေ့လထဲမှာ လာအို၊ ထိုင်း၊ အရှေ့တီမောနဲ့ တောင်ကိုရီးယားနိုင်ငံတွေ ပါဝင်တဲ့ အာရှ ၅ နိုင်ငံ ခရီးစဉ် သွားရောက်မှာ ဖြစ်ပါတယ်။ အခု မြန်မာအစိုးရဆီကနေ မြန်မာနိုင်ငံထဲ ဝင်ခွင့်ဗီဇာရဖို့ စောင့်နေပါတယ်။ ရရင် မြန်မာနိုင်ငံကိုလည်း သွားမှာပါ။ Rhythm Road လို့ခေါ်တဲ့ ပြည်ပဖျော်ဖြေရေး အစီအစဉ်နဲ့ ဂီတပညာရှင်တွေကို နိုင်ငံခြားရေးဌာနက မြန်မာနိုင်ငံကို စေလွှတ်တာ ဒါဟာ တတိယအကြိမ် ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်က မာယာ အာဇူဆန်နာ (Maya Azucena) ဂီတအဖွဲ့ မြန်မာနိုင်ငံကို သွားခဲ့သလို ၂၀၀၉ ခုနှစ်ကတော့ The Student Loan တေးဂီတအဖွဲ့ သွားခဲ့ပါတယ်။”

တေးဂီတနဲ့ ယဉ်ကျေးမှုတွေ ဖလှယ်ရင်း နိုင်ငံအချင်းချင်း၊ လူမျိုးအချင်းချင်း အပြန်အလှန် နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရစေဖို့ ရည်ရွယ်ချက်နဲ့ Rhythm Road တေးဂီတ ပြည်ပဖျော်ဖြေရေး အစီအစဉ်ကို အမေရိကန် နိုင်ငံခြားရေးဌာနနဲ့ Jazz at Lincon Center တို့ ပူးပေါင်း စတင်ခဲ့တာ ဖြစ်ပါတယ်။

အခုတခေါက် မြန်မာနိုင်ငံ အပါအဝင် အာရှ ၅ နိုင်ငံ သွားရောက်မယ့် Rhythm Road ရဲ့ အစီအစဉ်ကို စက်တင်ဘာလ ၈ ရက်နေ့ကနေ အောက်တိုဘာလ ၁၁ ရက်နေ့အထိ လုပ်သွားမှာဖြစ်ပြီး ဒီအစီအစဉ်မှာ တေးဂီတ ဖျော်ဖြေပွဲတွေ၊ ဒေသခံ ဂီတပညာရှင်တွေနဲ့ တွေ့ဆုံမှုတွေ အပါအဝင် တခြားလှုပ်ရှားမှုတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG