မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီးချိန်က စလို့ ဒီနေ့အထိ နှစ်နိုင်ငံအကြားမှာ ပထမဆုံးအကြိမ် အဆင့်မြင့် ဆွေးနွေးပွဲတွေ လုပ်ဖို့အတွက် အမေရိကန်နိုင်ငံ အကြီးတန်း သံတမန်တယောက် မြန်မာနိုင်ငံကို အင်္ဂါနေ့မှာ ရောက်ရှိလာမှာ ဖြစ်တယ်လို့ မြန်မာအာဏာပိုင်တွေက ပြောလိုက်ပါတယ်။
အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ဝိုင် ယွန်း (Joseph Y.Yun) ဟာ မြန်မာနိုင်ငံမှာ ၄ ရက်ကြာ နေထိုင်လိမ့်မယ်လို့ အစိုးရ အရာရှိတွေက ပြောပါတယ်။
အဲဒီခရီးစဉ် အတွင်းမှာ မြန်မာ့နိုင်ငံရေးမှာ ပါဝင် ပတ်သက်နေသူတွေ၊ ဒီမိုကရေစီ ခေါင်းဆောင်တွေနဲ့ အင်အားစုတွေ၊ မြန်မာအစိုးရ တာဝန်ရှိသူတွေကို တွေ့ဆုံမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဌာန ပြောရေးဆိုခွင့် ရှိသူက ပြောခဲ့ပါတယ်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပပြီးတဲ့နောက် နေအိမ်အကျယ်ချုပ် သက်တမ်း ၇ နှစ် ပြည့်မြောက်တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ကမှ လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၉ နိုဝင်ဘာနဲ့ ၂၀၁၀ မေလတွေတုန်းက အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ် (Mr. Kurt Campbell) မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး မစ္စတာ ကမ်းဘဲလ်ရဲ့ ဒုတိယ ခရီးစဉ် အတွင်းမှာမှ အဲဒီအချိန်က နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် ရခဲ့တာ ဖြစ်ပါတယ်။