သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နှင့် ဆက်ဆံရေးကောင်းဖို့ မြန်မာဘက်က တိုးတက်မှု ပြရန်လို


အမေရိကန်နှင့် ဆက်ဆံရေးကောင်းဖို့ မြန်မာဘက်က တိုးတက်မှု ပြရန်လို
အမေရိကန်နှင့် ဆက်ဆံရေးကောင်းဖို့ မြန်မာဘက်က တိုးတက်မှု ပြရန်လို

မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးတွေ တိုးမြှင့်သွားဖို့ ရည်ရွယ်ထားပေမဲ့ နိုင်ငံရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်အောင် စစ်အစိုးရဘက်က လုပ်ဆောင်ဖို့ လိုအပ်နေဆဲ ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ထွန်းကားတဲ့ တိုင်းပြည်အဖြစ် ပေါ်ထွန်းလာဖို့၊ နိုင်ငံတကာ အသိုင်းအဝန်းနဲ့အတူ အမေရိကန် ပြည်ထောင်စုက မျှော်လင့်ထားတယ်လို့လည်း မြန်မာ့လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အမေရိကန် နိုင်ငံခြားရေးဌာနက မနေ့တုန်းကပဲ ကြေညာချက်တစောင် ထုတ်ပြန် ပြောဆိုလိုက်တာပါ။ ဒီအကြောင်း အပြည့်အစုံကို အမေရိကန် နိုင်ငံခြားရေးဌာနကို ဆက်သွယ် မေးမြန်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ဒီမိုကရေစီနည်းကျတဲ့ တိုင်းပြည်တခုအဖြစ် ထွက်ပေါ်လာဖို့ မြန်မာစစ်အစိုးရ အနေနဲ့ နိုင်ငံရေး တိုးတက်မှုတွေ လုပ်ရလိမ့်မယ်လို့ ဇန်နဝါရီလ ၄ ရက် အင်္ဂါနေ့မှာ ကျရောက်မယ့် ၆၃ နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ကြေညာချက်မှာ ပြောဆိုလိုက်တာပါ။

လွတ်လပ်ရေးနေ့ အခါသမယမှာ မြန်မာပြည်သူတွေ မျှော်လင့်နေတဲ့ ဒီမိုကရေစီ တိုင်းပြည်အဖြစ် ပေါ်ထွန်းလာစေဖို့ ဆက်လက် ထောက်ခံအားပေးသွားမှာ ဖြစ်တဲ့အကြောင်း ကြာသပတေးနေ့က ထုတ်ပြန်တဲ့ ကြေညာချက်က ဖော်ပြခဲ့တာလို့ အမေရိကန် နိုင်ငံခြားရေးဌာန အရှေ့အာရှရေးရာ လူထုဆက်ဆံရေးဌာနရဲ့ ညွှန်ကြားရေးမှူး ဒါရာ ပရာဒီဆို (Darragh Paradiso) က ပြောပါတယ်။

“လွတ်လပ် ငြိမ်းချမ်းပြီး သာယာဝပြောတဲ့၊ ဒီမိုကရေစီ နည်းကျတဲ့ မြန်မာနိုင်ငံ ဖြစ်လာဖို့အတွက် ကျမတို့ အနေနဲ့ တစိုက်မတ်မတ် အားပေး ထောက်ခံပါတယ်။”

မြန်မာစစ်အစိုးရရဲ့ နိုင်ငံရေးနဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေ နိမ့်ကျနေတဲ့အတွက် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုမှာ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) အစိုးရ တက်လာခဲ့တဲ့နောက် မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒတွေကိုပါ ချမှတ် ကျင့်သုံးလာခဲ့တာပါ။

ဒါပေမဲ့လည်း စစ်အစိုးရဘက်က ဆက်ဆံရေးတွေ တိုးတက်လာစေမယ့် ပြုပြင်ပြောင်းလဲမှုတွေကိုတော့ ထိထိရောက်ရောက် ကျင့်သုံးတာမျိုး မရှိသေးဘူးလို့လည်း အမေရိကန် ပြည်ထောင်စုက ပြောဆိုထားတာ ဖြစ်ပါတယ်။ အမေရိကန်က ဆက်ဆံရေးတွေ တိုးမြှင့်နိုင်ဖို့ လမ်းဖွင့်ထားဆဲ ဖြစ်ပေမဲ့ စစ်အစိုးရက သိသာတဲ့ နိုင်ငံရေး ခြေလှမ်းတွေကို လှမ်းမှသာ ဖြစ်နိုင်လိမ့်မယ်လို့လည်း နိုင်ငံခြားရေးဌာန ကြေညာချက်က အလေးထား ပြောဆိုခဲ့တာပါ။

“အမေရိကန် ပြည်ထောင်စု အနေနဲ့ ၂ နိုင်ငံကြား ဆက်ဆံရေးတွေ တိုးတက်စေဖို့ ပြင်ဆင်ထားဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံသားတွေ အားလုံးနဲ့ စစ်မှန်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်မှုတွေ ရရှိစေဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးတာ၊ အားလုံးပါဝင်ပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ ဆွေးနွေး ပြောဆိုမှုတွေကို လုပ်ဆောင်တာတွေနဲ့ မတူကွဲပြားတဲ့ သူတွေရဲ့ ဆန္ဒတွေကို မြန်မာအစိုးရက ဖြည့်ဆည်းပေးနိုင်သလား ဆိုတာကိုလည်း အမေရိကန် ပြည်ထောင်စုက ကြည့်နေပါတယ်။”

မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒတွေရဲ့ တစိတ်တပိုင်းအဖြစ် အမေရိကန် နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက် ယွန်း (Joseph Yun) ဒီဇင်ဘာလ ၇ ရက်နေ့တုန်းက ၄ ရက်ကြာ မြန်မာနိုင်ငံကို သွားရောက်ခဲ့တာပါ။ ခရီးစဉ် အတွင်းမှာတော့ စစ်အစိုးရ တာဝန်ရှိသူတွေနဲ့ သာမက နိုဝင်ဘာလ ၁၃ ရက်နေ့မှာ နေအိမ်အကျယ်ချုပ်က ပြန်လည် လွတ်မြောက်လာတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို ဆက်ဆံမှုတွေဟာ အမေရိကန် ပြည်ထောင်စုရဲ့ အမျိုးသား အကျိုးစီးပွား အတွက်ပါ အထောက်အကူ ဖြစ်စေတာမို့ ဆက်လက် ကျင့်သုံးသွားမယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ တဦးဖြစ်တဲ့ မာ့ခ် တုန်နာ (Mark Toner) ကလည်း ဗုဒ္ဓဟူးနေ့ကပဲ ပြောဆိုခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ကတော့ အမေရိကန် ပြည်ထောင်စု အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လည် လွတ်မြောက်ရေးလို ကိစ္စမျိုးတွေမှာ တိတိကျကျ သတ်မှတ်ချက်တွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားတဲ့ မူဝါဒမျိုး ချမှတ်သင့်တဲ့ အကြောင်းနဲ့ နိုင်ငံတကာ အသိုင်းအဝန်း အနေနဲ့ တစုတစည်းတည်း မြန်မာ့အရေးကို ပူးပေါင်း ဆောင်ရွက်နိုင်ရင် ပိုမိုထိရောက်မှု ရှိနိုင်မယ့်အကြောင်း ဗွီအိုအေ မြန်မာပိုင်းနဲ့ မေးမြန်းခန်းတခုအတွင်း ပြောဆိုထားတာပါ။

မြန်မာ့လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံခြားရေးဌာနရဲ့ ကြာသပတေးနေ့ ကြေညာချက်မှာတော့ အမေရိကန် ပြည်ထောင်စုဟာ နိုင်ငံတကာ မိသားစုနဲ့အတူ မြန်မာနိုင်ငံသားတွေ လွတ်လပ်ရေးရဲ့ အရသာကို ခံစားနိုင်ဖို့ မျှော်လင့်ထားဆဲ ဖြစ်တဲ့အကြောင်း ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံသားတွေ အနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးတွေကို လွတ်လွတ်လပ်လပ် ခံစားကျင့်သုံးနိုင်ဖို့ ကြိုးပမ်းမှုတွေ အောင်မြင်မယ့် တနေ့ကို နိုင်ငံတကာ မိသားစုနဲ့အတူ ကျမတို့ကလည်း မျှော်လင့် စောင့်စားနေပါတယ်။”

မြန်မာစစ်အစိုးရကတော့ ဒီမိုကရေစီနည်းကျတဲ့ တိုင်းပြည်တခုအဖြစ် အကောင်အထည် ဖော်နေတဲ့ လုပ်ငန်းစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် ဆိုပြီး နိုဝင်ဘာလ ၇ ရက်နေ့တုန်းက နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ရွေးကောက်ပွဲတွေ ကျင်းပခဲ့တာပါ။ ဒါပေမဲ့လည်း အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းကတော့ ဒီမိုကရေစီ လိုလားသူတွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခွင့် မရှိသလို အများက ယုံကြည်လက်ခံဖို့ ခက်ခဲတဲ့ အခြေအနေအောက်မှာ ရွေးကောက်ပွဲတွေကို ကျင်းပခဲ့တာလို့ ပြောဆိုထားကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG