သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အရာရှိ ပေါလ် ဂရို့ဗ် NLD နဲ့ တွေ့ဆုံ


အမေရိကန် အရာရှိ ပေါလ် ဂရို့ဗ် NLD နဲ့ တွေ့ဆုံ
အမေရိကန် အရာရှိ ပေါလ် ဂရို့ဗ် NLD နဲ့ တွေ့ဆုံ

အမေရိကန် အထက်လွှတ်တော်၊ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ကြီးကြပ်မှု ကော်မတီရဲ့ အကြီးတန်း လက်ထောက်တဦးဖြစ်သူ ပေါလ် ဂရို့ဗ် (Paul Grove) ဟာ မြန်မာနိုင်ငံမှာ ရောက်နေပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ကြိုးပမ်းမှုတွေကို ဆက်ပြီး ထောက်ခံသွားမယ်ဆိုတာ တွေ့ဆုံပွဲအတွင်း ပြောခဲ့တယ်လို့ NLD တာဝန်ရှိသူ ဦးအုန်းကြိုင်က ဗွီအိုအေကို ပြောပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်က ဂီရိ မုန်တိုင်းဒဏ်သင့် ပြည်သူတွေအတွက် USAID အမေရိကန် ထောက်ပံ့ရေး အစီအစဉ်က ပေးမယ့် အကူအညီ ကိစ္စကိုလည်း ပြောဆိုခဲ့ပါတယ်။

သူဟာ ဒီကနေ့မှာပဲ ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်က HIV/AIDS လူနာတွေအတွက် ဖွင့်ထားတဲ့ ဂေဟာဆီ သွားရောက်ခဲ့ပါတယ်။ သူ့ရဲ့ ဒီကနေ့ တွေ့ဆုံပွဲတွေအတွင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၊ ယာယီတာဝန်ခံ လယ်ရီ ဒင်းဂါး (Larry Dinger) လည်း အတူလိုက်ပါခဲ့တယ်လို့ သိရပါတယ်။

ပေါလ် ဂရို့ဗ်ဟာ မြန်မာနိုင်ငံကို အချက်အလက် ရှာဖွေလေ့လာရေး ခရီးစဉ်တခု အနေနဲ့ ရောက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

သူဟာ ၂၀၀၉ ခုနှစ်၊ မတ်လအတွင်းတုန်းကလည်း နာဂစ်မုန်တိုင်းဒဏ် သင့်ခဲ့တဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသကို သွားရောက်ပြီး အကူအညီပေးရေး ကိစ္စအတွက် လေ့လာခဲ့ဖူးပါတယ်။

လက်ရှိ အမေရိကန် အစိုးရက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး နဂိုက ချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူတာတွေကိုလည်း ဆက်ထားသွားမယ်၊ ထိတွေ့ဆက်ဆံတဲ့ မူကိုလည်း ကျင့်သုံးသွားမယ်ဆိုပြီး ပြောင်းလဲခဲ့ပြီးကတည်းက အမေရိကန် အစိုးရအဖွဲ့ အကြီးတန်း တာဝန်ရှိသူတွေနဲ့ ကွန်ဂရက်လွှတ်တော် တာဝန်ရှိသူတွေ မြန်မာနိုင်ငံ သွားရောက်တာ အတော်များများ ရှိလာခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဖ် ယွန်းန် (Joseph Yun) ဟာလည်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာပဲ မြန်မာနိုင်ငံ သွားရောက်ခဲ့ပါသေးတယ်။

XS
SM
MD
LG