သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်မြောက်ပိုင်း အကြမ်းဖက်မှု အမေရိကန် စိုးရိမ်


ကချင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့် ထွက်ပြေးလာကြသည့် ဒေသခံ စစ်ပြေး ဒုက္ခသည်များ။
ကချင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့် ထွက်ပြေးလာကြသည့် ဒေသခံ စစ်ပြေး ဒုက္ခသည်များ။

မြန်မာစစ်တပ်နဲ့ ကချင်တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ဖို့နဲ့ အဲဒီ တိုက်ပွဲတွေက ထွက်ပြေးလာကြတဲ့ စစ်ပြေးဒုက္ခသည်တွေကို အကာအကွယ်ပေးကြဖို့ အမေရိကန် ပြည်ထောင်စုက တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် အတွင်းနဲ့ တခြားဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေအပေါ် အမေရိကန် ပြည်ထောင်စု အနေနဲ့ စိုးရိမ် ပူပန်ကြောင်းနဲ့ အဲဒီ တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့အတွက် တောင်းဆိုကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပြောခွင့်ရ အမျိုးသမီး ဗစ်တိုးရီးယား နူးလန်း (Victoria Nuland) က ပြောထားပါတယ်။

ဒေသခံ တိုင်းရင်းသားတွေအပေါ် ညှဉ်းပန်းနှိပ်စက်၊ အမျိုးသမီးတွေကို မတရား ပြုကျင့်တာနဲ့ နေရပ်ရွှေ့ပြောင်း ထွက်ပြေးနေရတာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးမျိုး ဖြစ်ပေါ်နေတယ်လို့ သတင်းတွေ ထွက်နေတဲ့အပေါ် အမေရိကန် ပြည်ထောင်စု အနေနဲ့ အထူးစိုးရိမ် ပူပန်မိကြောင်းလည်း မစ်စ် နူးလန်းက ဆက်ပြောပါတယ်။

KIA ကချင်လက်နက်ကိုင် တပ်ဖွဲ့ကို မြန်မာစစ်တပ်က ပြီးခဲ့တဲ့ သီတင်း ၂ ပတ်လောက်က စတင် ထိုးစစ်ဆင်ခဲ့တာကြောင့် အဲဒီဒေသက တိုင်းရင်းသားတွေ ထောင်နဲ့ချီပြီး တရုတ်နိုင်ငံထဲကို ထွက်ပြေး တိမ်းရှောင်နေကြရတာပါ။ အထူးသဖြင့်တော့ တရုတ်အာဏာပိုင်တွေဘက်က ဒီဒုက္ခသည်တွေကို စခန်းဖွင့်ပြီး စနစ်တကျ ထောက်ပံ့ပေးခြင်း မရှိသေးတဲ့အတွက် ဒုက္ခသည်တွေ ရေရှည် ရပ်တည်ရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာက စိုးရိမ် ပူပန်နေကြတာပါ။

မကြာခင် ရက်ပိုင်းတွေအတွင်း ရှမ်းပြည်ဘက်ကိုပါ မြန်မာစစ်တပ်က ထိုးစစ် ဆင်လာနေတယ် ဆိုတာကိုလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ မစ်စ် နူးလန်းက ထောက်ပြ ပြောဆိုထားပါတယ်။

XS
SM
MD
LG