သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထက်လွှတ်တော်အမတ် ဂျွန်ကယ်ရီ အကြံပေး မြန်မာနိုင်ငံ ရောက်ရှိ


အထက်လွှတ်တော်အမတ် ဂျွန်ကယ်ရီ အကြံပေး မြန်မာနိုင်ငံ ရောက်ရှိ
အထက်လွှတ်တော်အမတ် ဂျွန်ကယ်ရီ အကြံပေး မြန်မာနိုင်ငံ ရောက်ရှိ

အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ် ဒီမိုကရက် အထက်လွှတ်တော်အမတ်၊ နိုင်ငံခြား ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဂျွန်ကယ်ရီ (John Kerry) ရဲ့ အကြံပေး အရာရှိတဦး ဖြစ်တဲ့ အက်ဒ်မန် ထရီဘာတီဟာ ရန်ကုန် အမေရိကန်သံရုံး တာဝန်ခံ ၂ ဦးနဲ့အတူ ဒီနေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ဗဟိုကော်မတီဝင်တွေအပြင် ရွေးကောက်ပွဲ ဝင်ခဲ့ကြတဲ့ ပါတီ ၈ ခုက ကိုယ်စားလှယ်တွေနဲ့ပါ တွေ့ဆုံခဲ့ကြပြီး မြန်မာအစိုးရသစ် အဖွဲ့နဲ့ ပတ်သက်တဲ့ သဘောထားတွေကို စုံစမ်း မေးမြန်းခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဋ္ဌ ဂျွန်ကယ်ရီရဲ့ အကြံပေး မစ္စတာ အက်ဒ်မန်ဟာ ဒီနေ့ နေ့လယ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးကို သွားရောက်ပြီး အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦး အပါအဝင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ အဖွဲ့ချုပ် ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောပါတယ်။

“မစ္စတာ အက်ဒ်မန်နဲ့ အမေရိကန်သံရုံးက သံအရာရှိ ၂ ယောက် ပါပါတယ်။ ကျနော်တို့ ဒီဘက်က တွေ့တာတော့ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ကျနော်၊ ဦးမျိုးမြင့်၊ ဦးဟံသာမြင့်၊ ဒေါ်မေဝင်းမြင့်၊ ဦးဝင်းထိန်၊ အကုန်တက်ကြတယ်။ ၂ နာရီကနေ ၃ နာရီအထိပါ။ ကျနော်တို့ကတော့ သူမေးတဲ့ မေးခွန်းတွေ ဖြေတာပါ။

“တနင်္ဂနွေနေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အကြောင်း၊ အဖွဲ့ချုပ် ဆက်လက် ဆောင်ရွက်နေတဲ့ နိုင်ငံရေး၊ လူမှုရေး လုပ်ငန်းတွေအကြောင်း မေးပါတယ်။ အဲဒါတွေကို ဒုတိယ ဥက္ကဋ္ဌကပဲ ဒိုင်ခံ ရှင်းပြပါတယ်။ ကျနော်တို့ရဲ့ တိုင်းရင်းသားတွေအပေါ် ထားတဲ့ သဘောထား၊ ကျနော်တို့ရဲ့ ဆောင်ရွက်ချက်တွေ၊ နောက် တိုင်းရင်းသားတွေရဲ့ Open Letter တို့၊ ဧရာဝတီ Appeal ထုတ်ထားတဲ့ ကိစ္စတို့၊ အဲဒီသဘောထားတွေကို ရှင်းပြတာပါ။”

ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့အတွက် ပါတီမှတ်ပုံ တင်မထားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို သတိပေးနေတဲ့ အစိုးရသစ် အဖွဲ့ဟာ တနင်္ဂနွေနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး နယ်ခရီးစဉ်အတွင်း လုံခြုံရေးကို ပူးပေါင်း ဆောင်ရွက်ခဲ့တာမို့ တနင်္လာနေ့က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြိုဆိုကြောင်း ပြောကြားခဲ့သလို အခု ဗုဒ္ဓဟူးနေ့မှာတော့ အထက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီ ဥက္ကဋ္ဌရဲ့ အကြံပေးက လာရောက်ပြီး တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ အက်ဒ်မန်ဟာ ရန်ကုန် အမေရိကန်သံရုံးမှာ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေနဲ့ပါ တွေ့ဆုံခဲ့တယ်လို့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ (NDF) က ဦးခင်မောင်ဆွေက ပြောပါတယ်။

“မစ္စတာ အက်ဒ်မန် ထရီဘာတီ အပါအဝင် ဒုတိယသံအမတ်၊ နိုင်ငံရေးသံမှူးနဲ့ ဒီနေ့မနက် ၁၀ နာရီမှာ တွေ့ပါတယ်။ သူသိချင်တာတွေကတော့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ သမ္မတက ပေးထားတဲ့ မိန့်ခွန်းအပေါ်မှာ ယုံကြည်မှု ရှိသလား၊ ဖြစ်နိုင်ချေ ရှိသလား၊ ပြီးတော့ ရွေးကောက်ပွဲကို ဘာဖြစ်လို့ ပါတီတွေက ဝင်ကြရတာလဲ။ Ethnic ပါတီတွေကရော သမ္မတ မိန့်ခွန်းအပေါ်မှာ ဘယ်လိုမြင်သလဲပေါ့။ နောက်ပြီးတော့ လွှတ်တော်ထဲမှာ ဘာတွေများ လုပ်နိုင်ချေတွေ ရှိနေပြီလဲ၊ အဲဒါတွေ မေးပါတယ်။ အဓိကတော့ အဲဒီလောက်ပါပဲ။”

ချင်း၊ ရခိုင်၊ မွန်၊ ရှမ်း၊ ကရင် တိုင်းရင်းသား အဖွဲ့တွေ ပါဝင်ဖွဲ့စည်းထားတဲ့ ဒီမိုကရေစီ မိတ်ဆွေများပါတီ အဖွဲ့က ရှမ်းအဖွဲ့ တဖွဲ့ကလွဲလို့ ကျန်အဖွဲ့ဝင် ၈ ဖွဲ့စလုံး တက်ရောက်ခဲ့တယ်လို့ ပြောပါတယ်။ ဒီအဖွဲ့တွေဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး NDF ပါတီ အနေနဲ့ ရွေးကောက်ပွဲကို ဝင်ခဲ့တာဟာ နိုင်ငံရေးမှာ ဝင်ရောက် ပူးပေါင်း ဆောင်ရွက်ဖို့အတွက် ဖြစ်သလို အခုတက်လာတဲ့ အစိုးရသစ်ရဲ့ သမ္မတ ပြောကြားချက်တွေကိုလည်း ယုံကြည်မှု ရှိတယ်လို့ ပြောပါတယ်။

“နှစ်ပေါင်း ၂၀ အတွင်းမှာ ဒီလောက် ထင်ရှားတဲ့၊ ကတိကဝတ် ပေးတဲ့ မိန့်ခွန်းမျိုး မရှိပါဘူး။ သူတို့မှာ ထောက်စရာ၊ လှည့်စရာ မရှိတော့လို့ သူတို့ကိုယ်တိုင် Confident ရှိနေပြီဆိုတော့ လုပ်ရမှာ ဖြစ်တဲ့အတွက်ကြောင့်မို့ သူ့မိန့်ခွန်းကို ယုံတယ်။ လွှတ်တော်ထဲက ကိစ္စတွေက အခုဆိုရင် စီးပွားရေး ပြုပြင်ပြောင်းလဲမှုဘက်မှာ တွေ့နေရပြီလို့ ပြောလိုက်ပါတယ်။ သူတို့က ဘာတွေများ တွေ့ရမလဲလို့ မေးတာကိုး။ စီးပွားရေးဘက်မှာတော့ ပြုပြင်ပြောင်းလဲတာတွေ အတန်အသင့်တော့ ရှိလာပြီ။

“Trade နဲ့ ပတ်သက်တာတွေ ရှိသလို Economy နဲ့ ပတ်သက်တဲ့ စီးပွားရေး ဥပဒေတွေ၊ ဥပဒေပြုဖို့ အကြောင်းအရာတွေ ရှိနေပြီ။ ဒါတွေဟာ တဖြည်းဖြည်း ပြင်လာတာ တွေ့နေရပြီဖြစ်တယ်။ ဒါကြောင့်မို့ အမေရိကန် အစိုးရ အနေနဲ့လည်း စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ လိုက်လျောညီထွေရှိတဲ့ Sanction တွေကိုလည်း ပြန်လည်ရုပ်သိမ်းဖို့ စဉ်းစားသင့်ပြီလို့ ကျနော် ပြောလိုက်ပါတယ်။”

အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီက ဦးခင်မောင်ဆွေ ပြောပြသွားတာ ဖြစ်ပါတယ်။

XS
SM
MD
LG