သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရအပေါ် လက်တွေ့လုပ်ရပ်ဖြင့်သာ ကြည့်မည်


မြန်မာအစိုးရအပေါ် လက်တွေ့လုပ်ရပ်ဖြင့်သာ ကြည့်မည်
မြန်မာအစိုးရအပေါ် လက်တွေ့လုပ်ရပ်ဖြင့်သာ ကြည့်မည်

အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံခြား ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ နိုင်ငံက ထွက်ခွာမသွားမီမှာ ပြစ်မှု မကျူးလွန်ခဲ့ဘူးဆိုရင် မြန်မာနိုင်ငံကို အချိန်မရွေး ပြန်လာနိုင်ဖို့ စဉ်းစားပေးမယ်လို့ သမ္မတ ဦးသိန်းစိန်ကပြောပါတယ်။ တကယ်လို့ အပြစ်ကျူးလွန်ခဲ့သူတွေ ရှိရင်လည်း ထိုက်သင့်တဲ့ပြစ်ဒဏ် ခံယူဖို့ ပြန်လာမယ်ဆိုရင် သဘောထားကြီးကြီးနဲ့ စဉ်းစားပေးမှာ ဖြစ်တယ်လို့ သမ္မတက ဆိုပါတယ်။

မြန်မာနိုင်ငံက ဖြစ်ပေါ်တိုးတက်မှုတွေဟာ စိတ်အားတက်စရာတွေ ဖြစ်ပေမဲ့ လက်တွေ့လုပ်ရပ်တွေနဲ့သာ ဆုံးဖြတ်မှာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗစ်တိုးရီးယား နူလန်းဒ် (Victoria Nuland) က သြဂုတ်လ ၁၇ ရက်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပုံမှန်လုပ်နေကျ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ခရီးသွားနိုင်၊ စကားပြောနိုင်ပြီး အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးနေတာတွေအတွက် ကျမတို့ စိတ်အားတက်စရာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ချက်တွေ ကျမတို့ ဆက်မြင်ချင်ပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီ အခွင့်အလမ်းတွေ ပွင့်လာအောင် လုပ်တဲ့ လုပ်ရပ်တွေနဲ့ပဲ အစိုးရအသစ်အပေါ် ကျမတို့က ဆုံးဖြတ်မှာပါ။”

သမ္မတ ဦးသိန်းစိန်က ပြည်တွင်း စီးပွားရေးနဲ့ လူမှုရေးနယ်ပယ် အသီးသီးက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ပြန်လာနိုင်မယ့် ကိစ္စကိုလည်း ထည့်သွင်း ပြောကြားသွားခဲ့တာ ဖြစ်တယ်လို့ ဒီတွေ့ဆုံပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ မြန်မာ့ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ လွှတ်တော်ကိုယ်စားလှယ် တဦးလည်းဖြစ်တဲ့ ဦးခင်ရွှေက ဗွီအိုအေကို ပြောပါတယ်။

နေပြည်တော်မှာရှိတဲ့ မြန်မာကွန်ဗင်းရှင်းစင်တာမှာ ဗုဒ္ဓဟူးနေ့ နေ့လယ် ၂ နာရီ အချိန်က သမ္မတက အခုလို တွေ့ဆုံခဲ့တာပါ။ မြန်မာနိုင်ငံကို ပြန်လာဖို့အတွက် နိုင်ငံခြားရောက် မြန်မာနိုင်ငံသားတွေဟာ မြန်မာနိုင်ငံမှာ နောက်ဆုံး နေထိုင်စဉ်က ကိုယ်နေထိုင်ခဲ့တဲ့ မြို့နယ်ရှိရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေကို တိုက်ရိုက် ဆက်သွယ် ဆောင်ရွက်နိုင်တယ်လို့ The Voice Journal ရဲ့ Facebook အင်တာနက် စာမျက်နှာက သမ္မတကို ကိုးကားပြီး ပြောပါတယ်။

XS
SM
MD
LG