သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကို နိုင်ငံတကာ ပူးပေါင်း တွန်းအားပေးဖို့ အမေရိကန် အထူးသံ ကြိုးပမ်းမည်


မစ္စတာ ဒဲရက်ခ် မစ်ချဲလ်။
မစ္စတာ ဒဲရက်ခ် မစ်ချဲလ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာအောင် တွန်းအားပေးဖို့အတွက် နိုင်ငံတကာရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ရအောင် ကြိုးပမ်းနေတယ်လို့ အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် အမည်စာရင်း တင်သွင်းခံထားရသူက ပြောလိုက်ပါတယ်။

မြန်မာအစိုးရအပေါ် ဖိအားပေးဖို့ ကြိုးပမ်းမှုတွေဟာ နိုင်ငံတကာ အသိုင်းအဝန်းက အဓိကကျသူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မရှိတဲ့အတွက် အားနည်းနေရတဲ့ အကြောင်းလည်း အထူးကိုယ်စားလှယ်အဖြစ် အမည်စာရင်း တင်သွင်းခံထားရသူ မစ္စတာ ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) က ပြောလိုက်တာပါ။

ဥရောပသမဂ္ဂ (EU)၊ အိန္ဒိယ၊ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်နဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) အပါအဝင် နိုင်ငံတကာက မိတ်ဘက် နိုင်ငံတွေနဲ့ မူဝါဒတရပ်ကို ညှိနှိုင်း ချမှတ်သွားနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း အထူးကိုယ်စားလှယ်အဖြစ် အမည်စာရင်း တင်သွင်းခံထားရသူက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် အတည်ပြုဖို့ အထက်လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က ကြားနာပွဲ တခုအတွင်း အာရှမူဝါဒရေးရာ ကျွမ်းကျင်သူ မစ္စတာ မစ်ချဲလ်က ထွက်ဆိုသွားတာပါ။

အထူးကိုယ်စားလှယ်အဖြစ် တရားဝင် ခန့်အပ်ပြီးတဲ့ အခါကျရင်တော့ သူ့အနေနဲ့ မြန်မာအစိုးရနဲ့ ရိုးရိုးသားသား ဆွေးနွေးပြောဆိုပြီး မြန်မာနိုင်ငံက ဖြစ်ထွန်းမှုတွေအပေါ် တုံ့ပြန် ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားကြောင်းလည်း ပြောပါတယ်။

အပြန်အလှန် လေးစားမှုတွေနဲ့အတူ အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့ အပြုသဘောဆောင် ဆက်ဆံရေးတွေ တည်ဆောက်ဖို့ ပြင်ဆင်ထားကြောင်းလည်း မစ္စတာ ဒဲရက်ခ် မစ်ချဲလ်က ပြောသွားခဲ့ပါတယ်။

XS
SM
MD
LG