သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် မစ်ချဲလ် အထက်လွှတ်တော် အတည်ပြု


မစ္စတာ ဒဲရက်ခ် မစ်ချဲလ်။
မစ္စတာ ဒဲရက်ခ် မစ်ချဲလ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံရဲ့ ပထမဆုံး မူဝါဒ ညှိနှိုင်းရေးမှူး တဦးကို အမေရိကန် အထက်လွှတ်တော်က အတည်ပြုပေးလိုက်ပါတယ်။

အာရှ၊ ပစိဖိတ်ဒေသ လုံခြုံရေးဆိုင်ရာ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံရဲ့ ပထမဆုံး မူဝါဒ ညှိနှိုင်းရေးမှူးအဖြစ် အမေရိကန်လွှတ်တော်က အတည်ပြုပေးလိုက်တာပါ။

သူဟာ စစ်တပ်က စိုးမိုးထားတဲ့ မြန်မာနိုင်ငံနဲ့ အမေရိကန် ထိတွေ့ဆက်ဆံရေးမှာ ဦးစီး လုပ်ဆောင်သွားမှာ ဖြစ်ပြီး လွန်ခဲ့တဲ့ ၂ နှစ်အတွင်း မြန်မာနိုင်ငံမှာ သိပ်မတွေ့ရတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်ပေါ်ရေး အတွက်လည်း မြန်မာအစိုးရကို အားပေးမှာ ဖြစ်ပါတယ်။

ဒဲရက်ခ် မစ်ချဲလ်ဟာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ သံအမတ်ကြီးအဆင့် တာဝန်ကို ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ အခုလို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တယောက် ခန့်အပ်ဖို့ ၂၀၀၈ ခုနှစ်မှာ ကွန်ဂရက် လွှတ်တော်က ပြဋ္ဌာန်းခဲ့တာပါ။

မစ္စတာ မစ်ချဲလ်ဟာ တရုတ်ရေးရာ ကျွမ်းကျင်သူ ဖြစ်ပြီး ကာကွယ်ရေး ဝန်ကြီးဌာန အာရှနဲ့ ပစိဖိတ်ဒေသ လုံခြုံရေးရာ ဒု-လက်ထောက် ကာကွယ်ရေး ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ရတာကြောင့် အာရှဒေသ အတွေ့အကြုံ ကောင်းကောင်းရှိတဲ့သူ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ တနှစ်ခွဲကျော် ကာလအတွင်းမှာ အိုဘားမား အစိုးရဟာ မြန်မာနိုင်ငံကို အထီးကျန် ဖြစ်စေတဲ့ မူဝါဒကနေ ထိတွေ့ဆက်ဆံမယ့် မူဝါဒအဖြစ် ပြောင်းလဲခဲ့ပေမဲ့ ပိတ်ဆို့အရေးယူရေး မူဝါဒကိုတော့ ဆက်လက် ကိုင်စွဲထားခဲ့တာပါ။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဒီမိုကရေစီစနစ် ထွန်းကားရေးတို့အတွက် ပိတ်ဆို့အရေးယူရေး မူဝါဒကို တဘက်တလမ်းကနေ ဆက်လက် ကျင့်သုံးတာ ဖြစ်တယ်လို့ အမေရိကန် အစိုးရက ပြောပါတယ်။

မြန်မာအစိုးရကို ပြစ်ဒဏ်ခတ် အရေးယူတာနဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်ပြီး ထိတွေ့ဆက်ဆံရေး မူဝါဒကို လက်တွေ့ လုပ်ဆောင်လိုက်တဲ့အပေါ် မြန်မာ့အရေး လုပ်ဆောင်နေတဲ့ အာဆီယံ ပါလီမန်အမတ်များ အဖွဲ့က ကြိုဆိုလိုက်သလို မစ္စတာ မစ်ချဲလ်ဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး တိုးတက်လာအောင် လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားလိုက်ပါတယ်။

XS
SM
MD
LG