သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပေါ် အမေရိကန်ရဲ့ ရပ်တည်ချက် ပြတ်ပြတ်သားသား တင်ပြဖို့ HRW တောင်းဆို


မြန်မာအပေါ် အမေရိကန်ရဲ့ ရပ်တည်ချက် ပြတ်ပြတ်သားသား တင်ပြဖို့ HRW တောင်းဆို
မြန်မာအပေါ် အမေရိကန်ရဲ့ ရပ်တည်ချက် ပြတ်ပြတ်သားသား တင်ပြဖို့ HRW တောင်းဆို

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) အခုလို မြန်မာနိုင်ငံကို သွားရောက်တာဟာ အချိန်ကောင်းဖြစ်ပြီး အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် သဘောထားတွေကို ပြတ်ပြတ်သားသား ပြောဖို့လိုတယ်လို့ နယူးယောက် အခြေစိုက် Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ကြီးက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ အားလုံးကို အစိုးရသစ်က ပြန်လွှတ်ပေးမှသာ အမေရိကန် အစိုးရ ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ပြန်ရုပ်သိမ်းဖို့ စဉ်းစားသင့်တယ်လို့လည်း ဒီအဖွဲ့ကြီးက ထောက်ပြပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ အရေးယူ ဒဏ်ခတ်နေတဲ့ အမေရိကန် အစိုးရရဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒကို ပီပီပြင်ပြင် အကောင်အထည် ဖော်ဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံ ဒဲရက်ခ် မစ်ချဲလ် မြန်မာနိုင်ငံကို သွားရောက်နေတာပါ။ မစ္စတာ မစ်ချဲလ် အနေနဲ့ မြန်မာအစိုးရနဲ့ ဆက်ဆံတဲ့ အခါမှာ ပြတ်ပြတ်သားသားရှိဖို့ HRW လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့ကြီးက လိုလားတယ်လို့ အဖွဲ့ရဲ့ အာရှရေးရာ လက်ထောက်အကြီးအကဲ မစ်စ် အီလိန်း ပီယာစင်က ပြောပါတယ်။

“ဒဲရက်ခ် မစ်ချဲလ် ဒီအချိန် မြန်မာနိုင်ငံကို သွားတာဟာ အချိန်ကောင်းပါ။ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်အပ်ဖို့ အချိန်အတော်ကြာ ကတည်းက စောင့်စားနေရတာမို့ အခုလို သံတမန်ကိုယ်တိုင် မြန်မာနိုင်ငံကို သွားတဲ့အခါမှာ အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် သဘောထားကို ပြတ်ပြတ်သားသား ပြောပြဖို့ ကိစ္စက အရေးကြီးပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံရဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူ ဒဏ်ခတ်မှုတွေ ရုပ်သိမ်းပေးဖို့အတွက် လိုအပ်တဲ့ အခြေခံ အချက်တွေဟာ ဘာတွေလဲ ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း ပြောပြဖို့ လိုပါတယ်။”

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေ သိသိသာသာ တိုးတက်မှု မရှိသေးတဲ့အတွက် အမေရိကန် အစိုးရက အရေးယူမှုတွေကို ဆက်ပြီး ထားရှိနေသလို မကြာခင်ကမှ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်း စစ်ဆေးရေးမှူး မစ္စတာ ကင်တားနား (Mr. Tomas Ojea Quintana) ကလည်း စစ်မှန်တဲ့ ပြောင်းလဲမှုတွေ လုပ်ဖို့အတွက် တိုက်တွန်းနေတာပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) က မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးအတွက် လက်တွေ့ ဖော်ဆောင်ဖို့ တောင်းဆိုလိုက်သလို Human Rights Watch အဖွဲ့ကတော့ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ မြင်ချင်တယ်လို့ ဆိုပါတယ်။

“ကျမတို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အနေနဲ့ မြင်ချင်တာက နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ပါ။ ဒါကိုလည်း နိုင်ငံတကာ အသိုက်အဝန်း တခုလုံးက တောင်းဆိုနေတာ အတော်ကြာနေပါပြီ။ နောက်တခုကတော့ စစ်မှန်တဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေ လုပ်ဖို့ပါ။ ဒီအထဲမှာ တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးနဲ့ အစိုးရသစ်က တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဖို့လိုသလို ဒီဆွေးနွေးမှုတွေကလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တကယ့်ကို ဦးတည်ဖို့ လိုပါတယ်။”

မစ္စတာ မစ်ချဲလ်ဟာ သောကြာနဲ့ စနေနေ့တွေမှာ နေပြည်တော်မှာ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။ နေပြည်တော်မှာ လွှတ်တော်အမတ်အချို့ အပါအဝင် အစိုးရ တာဝန်ရှိသူတွေက အမေရိကန် အစိုးရ ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုကို ရုပ်သိမ်းပေးရေးကိစ္စ တောင်းဆိုမယ့် အလားအလာနဲ့ ပတ်သက်ပြီး မစ်စ် ပီယာစင်ရဲ့ အမြင်က ဘယ်လိုရှိပါသလဲ။

“စီးပွားရေး ပိတ်ဆို့ အရေးယူထားတာကို ဖယ်ပေးဖို့ဆိုရင် မြန်မာနိုင်ငံမှာ ပထမဆုံး နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရမှာပါ။ အခုတော့ နိုင်ငံရေး အကျဉ်းသားတွေကို တကယ်လွှတ်ပေးတာမျိုး မတွေ့ရသေးပါဘူး။ မကြာသေးခင်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်ရက်စေ့ခါနီး နိုင်ငံရေး အကျဉ်းသားတချို့ လွှတ်ပေးတာမျိုးတော့ ရှိခဲ့ပါတယ်။ ခိုင်မာတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံထားရသူတွေ မြန်မာနိုင်ငံထဲမှာ အများကြီး ရှိနေတာမို့ ဒီလူတွေကို မြန်မာနိုင်ငံရဲ့ အနာဂတ်ရေး ဆုံးဖြတ်ရာမှာ ပါဝင်ခွင့်ပေးဖို့ လိုပါတယ်။ ဒီလူတွေကို ဆက်ပြီး အကျဉ်းချထားသ၍ စီးပွားရေး ပိတ်ဆို့ အရေးယူ ဒဏ်ခတ်မှုတွေကိုလည်း ရုပ်သိမ်းပေးစရာ မလိုပါဘူးရှင်။”

မစ္စတာ မစ်ချဲလ်ဟာ စနေနေ့ကနေ ရှေ့အပတ် ဗုဒ္ဓဟူးနေ့အထိ ရန်ကုန်မှာ နိုင်ငံရေးပါတီ အသီးသီးက ပုဂ္ဂိုလ်တွေအပြင် လူမှုအဖွဲ့အစည်း မျိုးစုံနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ EU ဥရောပသမဂ္ဂရဲ့ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးနဲ့ လူသားချင်း စာနာမှု အကူအညီဆိုင်ရာ ကော်မရှင်နာမင်းကြီး ခရစ်စ်တယ်လီနာ ဂျော်ဂျီဗာလည်း မြန်မာနိုင်ငံကို ရောက်ရှိနေပြီး သောကြာနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်တယ်လို့ EU သတင်းမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG