မြန်မာနိုင်ငံမှာ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်နေတဲ့ ပြစ်မှုတွေ ရှိတယ်လို့ စွပ်စွဲ ပြောဆိုနေတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ကော်မရှင်တရပ် ဖွဲ့ပြီး စုံစမ်းစစ်ဆေးဖို့ ကိစ္စကို မဟာမိတ်နိုင်ငံတွေ ကြားမှာ ထောက်ခံမှုရအောင် လုပ်ဆောင်နေတယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောလိုက်ပါတယ်။
အမေရိကန်လွှတ်တော်ရဲ့ အမျိုးသမီး အထက်လွှတ်တော်အမတ် အုပ်စုက မြန်မာစစ်တပ်ဟာ အဓမ္မ ပြုကျင့်မှုတွေကို လက်နက်သဖွယ် အသုံးချပြီးတော့ အမျိုးသမီးတွေ အပေါ်မှာ ကျူးလွန်နေတယ်လို့ စွပ်စွဲလိုက်ပြီး အဲဒီလို စွဲချက်တွေ အပေါ်မှာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့ပြီး စစ်ဆေးနိုင်ဖို့ အတွက်ကို ထောက်ခံဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကို တိုက်တွန်းလိုက်ပါတယ်။
ဒီကိစ္စအပေါ်မှာ တာဝန်ယူမှုရှိဖို့ အတွက်ကို အမေရိကန်က လုပ်ဆောင်နေတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗစ်တိုးရီးယား နူးလန်း (Victoria Nuland) က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။
အမေရိကန်နိုင်ငံ အနေနဲ့ မြန်မာအစိုးရရဲ့ အဓမ္မပြုကျင့်မှုနဲ့ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ အပါအဝင် အကြမ်းဖက်မှုတွေ ကျူးလွန်နေတယ်ဆိုတဲ့ စွဲချက်တွေနဲ့ ပတ်သက်ပြီး ထပ်ခါတလဲလဲ စိုးရိမ်မိတဲ့အကြောင်း သူမက ပြောကြားခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ကို ဗုဒ္ဓဟူးနေ့က ပေးပို့လိုက်တဲ့ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ကချင်လက်နက်ကိုင် တပ်တွေနဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်ဟာ ကချင်အမျိုးသမီး ၁၈ ယောက်ကို အဓမ္မပြုကျင့်ခဲ့တဲ့ အကြောင်းကိုပါ ထည့်သွင်း ဖော်ပြခဲ့တယ်လို့ အထက်လွှတ်တော် အမတ်တွေက ပြောပါတယ်။ ဒါ့အပြင် ကချင်ဒေသနဲ့ ကပ်လျက်ရှိတဲ့ ရှမ်းပြည်နယ်မှာလည်း အလားတူ အစီရင်ခံစာတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။