သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ လူ့အခွင့်အရေး ကော်မရှင် ကင်တားနား သတိနဲ့ကြိုဆို


မြန်မာ့ လူ့အခွင့်အရေး ကော်မရှင် ကင်တားနား သတိနဲ့ကြိုဆို
မြန်မာ့ လူ့အခွင့်အရေး ကော်မရှင် ကင်တားနား သတိနဲ့ကြိုဆို

မြန်မာနိုင်ငံမှာ အစိုးရသစ် တက်လာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် လူ့အခွင့်အရေး ကော်မရှင်တရပ် ဖွဲ့စည်းလိုက်တဲ့အပေါ် ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ် အပါအဝင် နိုင်ငံတကာက ကျွမ်းကျင်သူတွေ သတိနဲ့ ကြိုဆိုလိုက်ကြပါတယ်။ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တရပ် ပေါ်ပေါက်လာပေမဲ့ နိုင်ငံတကာက ပြစ်တင်ဝေဖန်တာတွေ ခံနေရတဲ့ ပြဿနာတွေကို တကယ်တမ်း ကိုင်တွယ် ဖြေရှင်းနိုင်ပါ့မလား ဆိုတဲ့အပေါ်မှာတော့ သံသယတွေလည်း ရှိနေဆဲ ဖြစ်တဲ့အတွက် သတိထား တုံ့ပြန်လိုက်ကြတာပါ။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖြစ် အငြိမ်းစား သံအမတ်ကြီး ဦးဝင်းမြ ဦးဆောင်ပြီး အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းလိုက်တဲ့အကြောင်း အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြလိုက်ကြတာပါ။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တိုမာ့စ် အိုဟေး ကင်တားနား (Tomas Ojae Quintana) ကတော့ မကြာသေးခင်က သူ့ရဲ့ခရီးစဉ် အတွင်းမှာ ကတည်းက ဒီလိုဖွဲ့စည်းမယ့် အစီအစဉ်ကို အာဏာပိုင်တွေက အသိပေးထားတဲ့အကြောင်း ပြောပါတယ်။

ဒီအစီအစဉ်ကို အခုအခါ အကောင်အထည် ဖော်လာတာကို တွေ့ရတဲ့အတွက် သူ့အနေနဲ့ ဝမ်းမြောက်ပေမဲ့ လူ့အခွင့်အရေး ကော်မရှင်က တိုင်းပြည်မှာ ကြုံနေရတဲ့ ပြဿနာတွေကို ဘယ်လောက်အထိ ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းနိုင်မလဲ ဆိုတာကိုတော့ စောင့်ကြည့်ရလိမ့်ဦးမယ်လို့ ပြောပါတယ်။

“ဒီဆုံးဖြတ်ချက်ကို ကျနော် ကြိုဆိုပါတယ်။ ဒါပေမဲ့လည်း သတ်မှတ်ချက်တွေ၊ ပြဋ္ဌာန်းချက်တွေကို အရင်လေ့လာသွားဖို့က အရေးကြီးပါတယ်။ ဒုတိယအနေနဲ့ကတော့ အခြေခံ ရပ်တည်ချက်တွေနဲ့အညီ ဖြစ်မဖြစ်ကို စောင့်ကြည့်ရပါလိမ့်မယ်။ အရေးအကြီးဆုံးကတော့ လွတ်လပ်ပြီး၊ ဘက်လိုက်မှု ကင်းဖို့ပါပဲ။”

လူ့အခွင့်အရေး ကော်မရှင်ကိုတော့ သမိုင်းဌာနရဲ့ အငြိမ်းစား ပါမောက္ခ ဦးထွန်းအောင်ချိန်၊ ဥပဒေပညာဌာန ပါမောက္ခ ဒေါက်တာဒေါ်သန်းနွဲ့ စတဲ့ အရပ်သား ပညာရှင်တွေကိုလည်း အဖွဲ့ဝင်တွေအဖြစ် ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အများစုကတော့ အငြိမ်းစား သံတမန်တွေ ဖြစ်ကြတာမို့ ကော်မရှင် ဖွဲ့စည်းတဲ့ ရည်ရွယ်ချက်အပေါ် သံသယရှိတဲ့အကြောင်း အာရှ လူ့အခွင့်အရေး ကော်မရှင်က မြန်မာရှေ့နေတဦးဖြစ်တဲ့ ဦးမင်းလွင်ဦးက ပြောပါတယ်။

အထူးသဖြင့်ကတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တာနားက မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ စစ်ရာဇဝတ်မှု မြောက်မမြောက်၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်ရာ ရောက်မရောက် စုံစမ်းစစ်ဆေးသွားဖို့ နိုင်ငံတကာ ကော်မရှင်တရပ် ဖွဲ့စည်းရေး အဆိုပြုထားတာတွေကို တုံ့ပြန် ဆောင်ရွက်သွားဖို့ ရည်ရွယ်ပုံရတယ်လို့လည်း ဦးမင်းလွင်ဦးက မြင်ပါတယ်။

“အရင်ဖွဲ့ထားတဲ့ အဖွဲ့ထက်စာရင် လွတ်လပ်တဲ့ အသင်းအဖွဲ့ ဖြစ်တယ်လို့ သာမန်အားဖြင့်တော့ ထင်စရာရှိတယ်။ သို့သော်လည်း ဒီမှာပါတဲ့ လူတွေက ဥက္ကဋ္ဌကနေစပြီး ကျန်တဲ့ အဖွဲ့ဝင် တော်တော်များများက အငြိမ်းစား သံအမတ်တွေ ဖြစ်နေတယ်။ အဲတော့ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ မဲဆွယ်နိုင်ဖို့အတွက်၊ ဝင်ရောက် ပြောဆိုနိုင်ဖို့အတွက်၊ ကင်တားနားရဲ့ အစီရင်ခံစာ ထွက်လာပြီးတဲ့ နောက်ပိုင်းမှာ နိုင်ငံတကာရဲ့ ဖိအားတွေကို တုံ့ပြန် ပြောဆိုနိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့ ဖွဲ့တယ်လို့ပဲ ကျနော်တော့ မြင်တယ်။

“မစ္စတာ ကင်တားနားက စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ တင်ပြတဲ့အခါမှာ အစိုးရသစ်ကနေပြီးတော့ ဒီ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က တင်ပြတဲ့ အစီရင်ခံစာတွေနဲ့ ခုခံ ချေပသွားမယ်လို့ ကျနော်တို့မြင်တယ်။ နောက်ပြီးတော့ နိုင်ငံတကာမှာရှိတဲ့ အစိုးရတွေကို Campaign လုပ်ဖို့အတွက်ကိုလည်း ဒီ သက်ဆိုင်ရာ သံအမတ်ကြီးဟောင်းတွေကို အသုံးပြုပြီးတော့ Campaign တွေ လုပ်သွားမယ်၊ ပြီးတော့ စုံစမ်းရေး ကော်မရှင် မဖြစ်အောင် သူတို့အနေနဲ့ ဆောင်ရွက်လိမ့်မယ်လို့ ကျနော်ကတော့ ယူဆတယ်။”

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ သြဂုတ်လထဲမှာတုန်းက မြန်မာနိုင်ငံ ၅ ရက်ကြာ ခရီးစဉ်မှာတော့ အစိုးရသစ်ရဲ့ နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ သမ္မတရဲ့ အကြံပေးပုဂ္ဂိုလ်တွေ အပါအဝင် တာဝန်ရှိသူတွေ၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ တွေ့ဆုံခဲ့ရုံသာမက ကျင်းပနေဆဲ လွှတ်တော်ကိုပါ အကဲခတ်ခွင့် ရခဲ့တာပါ။ ဒီလို ထိတွေ့ဆက်ဆံရာမှာ အစိုးရတွင်း အပြောင်းအလဲ လုပ်လိုသူတွေ ရှိတယ်လို့ ယူဆရတာမို့ အခု လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းမှုဟာ နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းဖို့ အဆိုပြုချက် ပျက်ပြားအောင် ရည်ရွယ်လိမ့်မယ်လို့ မထင်တဲ့အကြောင်း အထူးကိုယ်စားလှယ် ကင်တားနားက ပြောပါတယ်။

တက်ကြွ လှုပ်ရှားသူတွေကတော့ လူ့အခွင့်အရေး ကိုယ်စားလှယ်ရဲ့ နိုင်ငံတကာ ကော်မရှင်တရပ် ဖွဲ့စည်းရေး အကြံပြုချက်အပေါ် ထောက်ခံမှုတွေရဖို့ ကြိုးပမ်းနေကြတာပါ။ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းသွားနိုင်မယ့် အဆိုတရပ်ကို ဥရောပသမဂ္ဂ (EU) က ဦးဆောင်ပြီး ကုလသမဂ္ဂမှာ တင်သွင်းဖို့ တိုက်တွန်းတဲ့ အနေနဲ့ အင်္ဂါနေ့က ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ နိုင်ငံတကာ ရှေ့နေအသင်းရဲ့ လူ့အခွင့်အရေး အဖွဲ့နဲ့ Open Societies Foundation တို့ ကမကထလုပ် ဆော်သြခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ ပါဝင်သူတဦးဖြစ်တဲ့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch) ရဲ့ EU ဆိုင်ရာ ညွှန်ကြားရေးမှူး လော့တီ လိုက်ချ် (Lotte Leicht) ကတော့ မြန်မာအစိုးရ အနေနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်ရေးကို တကယ်ပဲ ဆန္ဒရှိတယ်ဆိုရင် ပြည်တွင်းမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းတာမျိုးသာမက ကုလသမဂ္ဂလို နိုင်ငံတကာက စုံစမ်းမှုတွေကိုလည်း လက်ခံဖို့ လိုတယ်လို့ တိုက်တွန်းခဲ့တာပါ။

“မြန်မာအစိုးရအနေနဲ့ အလေးအနက် ထားတယ်ဆိုရင် ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ကြိုဆိုသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလို စုံစမ်းစစ်ဆေးမှုက တိုးတက်မှုတွေအတွက် အထောက်အကူတွေ ခိုင်ခိုင်မာမာ ပေးနိုင်ပါတယ်။ ဒါဟာ ဆန့်ကျင်ဘက် လမ်းကြောင်းတွေလို့ ပြောလို့မရပါဘူး။ ဒါပေမဲ့လည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန့်ဖို့အတွက် စုံစမ်းအရေးယူရာမှာ အစိုးရက ဘယ်လောက် အလေးအနက် ထားတယ်ဆိုတာ စမ်းသပ်ချက် တခုတော့ ဖြစ်ပါလိမ့်မယ်။”

ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနား သြဂုတ်လခရီးစဉ် အဆုံးသတ်ချိန်မှာတော့ မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာတွေကို အစိုးရက အလေးအနက်ထား ဖြေရှင်းဖို့ လိုအပ်နေဆဲ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။ မတ်လကုန်မှာ တက်လာတဲ့ အစိုးရသစ် အနေနဲ့ ခြေလှမ်းသစ်တွေ လှမ်းလာတာတွေ ရှိတဲ့အတွက် အားရပေမဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်အောင် လုပ်ဆောင်ဖို့ ကိစ္စတွေမှာတော့ သိသိသာသာ မတွေ့ရသေးဘူးလို့ သတင်းစာ ရှင်းလင်းပွဲအတွင်း မှတ်ချက်ပေး ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG