သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ထိပ်တန်းသံတမန် မြန်မာနိုင်ငံကို ဒီသီတင်းပတ် သွားရောက်မည်


အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်း။
အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်း။

အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်း (Joseph Y. Yun) ဟာ မနက်ဖြန် မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပြင် CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီဝင်တွေနဲ့ တွေ့ဆုံဖို့ရှိကြောင်း NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အတည်ပြု ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာစစ်အစိုးရ အရာရှိတွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်တဲ့အကြောင်း အမည်မဖော်လိုသူ မြန်မာစစ်အစိုးရ အရာရှိတဦး ပြောကြားခဲ့တာကို နိုင်ငံတကာ သတင်းမီဒီယာတွေထဲမှာ ကိုးကားထားပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်းဟာ မြန်မာနိုင်ငံကို ၄ ရက်ကြာ သွားရောက် လည်ပတ်မယ့်အကြောင်း အမည်မဖော်လိုတဲ့ မြန်မာအာဏာပိုင် တဦးက အတည်ပြု ပြောကြားသလိုပဲ လာမယ့် သောကြာနေ့မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီဝင်တွေနဲ့ တွေ့ဆုံဖို့ ရှိတဲ့အကြောင်း NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်လည်းဖြစ်၊ ပြောခွင့်ရပုဂ္ဂိုလ်လည်း ဖြစ်တဲ့ ဦးဉာဏ်ဝင်းက အတည်ပြု ပြောကြားပါတယ်။

“ကျနော်တို့ကို ၁၀ ရက်နေ့တွေ့ဖို့ သူတို့ အကြောင်းကြားထားပါတယ်။ ရောက်တာတော့ မနက်ဖြန် ရောက်မယ်လို့ သိရတယ်။ သေချာပါတယ်၊ သူတို့ပဲ အကြောင်းကြားထားတာပါ။”

စစ်အစိုးရဘက်ကိုရော တွေ့မှာလားခင်ဗျ၊ သူတို့က။

“ကျနော်တို့ သတင်းအနေနဲ့ပဲ ပြောနိုင်မယ်၊ တွေ့မယ်လို့ ပြောပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်အပြင် NLD ဗဟိုကော်မတီဝင်တွေရော ပါမလားအန်ကယ်၊ အခုတွေ့မယ့်အထဲမှာ။

“ပါမယ်၊ CRPP လည်း ပါမယ်။”

တခြားရော ဘယ်သူတွေနဲ့ တွေ့မယ်လို့ အန်ကယ် သိပါလဲခင်ဗျ။ တခြား နိုင်ငံရေး အဖွဲ့အစည်းတွေရော အန်ကယ် သိပါသလား။

“အဲဒါတော့ မသိဘူးခင်ဗျ။ အဲဒါတော့ ကျနော်တို့ မသိပါဘူး။”

သူတို့ဘက်က ဘယ်လို အကြောင်းအရာတွေကို ဆွေးနွေးချင်တယ် ဆိုတာမျိုးရော ကြိုတင် အသိပေးထားတာ ရှိပါသလားခင်ဗျ။

“အဲဒါတော့ ကျနော်တို့ မသိရသေးဘူး။ သူတို့လာတဲ့ မစ်ရှင် (Mission) အပေါ်မှာ မူတည်မှာပေါ့လေ။ သူတို့ရည်ရွယ်ချက်ပေါ်မှာ တည်မှာပေါ့၊ အဲဒါကြောင့်ပါ။”

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း ပြုလုပ်ဖို့ လိုအပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေနဲ့ ပတ်သက်လို့ အမေရိကန် အစိုးရ အနေနဲ့ သတိ ဝီရိယနဲ့ မျက်စိနား ရှင်ရှင်ထားပြီး စောင့်ကြည့်ရုံတင် မကဘဲ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံတာ ဘယ်ကို ဦးတည်နေတယ်၊ ဘယ်လိုမျိုး အပြောင်းအလဲတွေ မြန်မာနိုင်ငံအတွင်းမှာ ပြုလုပ်ဖို့ လိုအပ်သလဲ ဆိုတာကိုပါ သတိထား စောင့်ကြည့်နေဖို့ လိုအပ်တဲ့အကြောင်း ပြီးခဲ့တဲ့လက အမေရိကန် အခြေစိုက် CNN ရုပ်မြင်သံကြား အစီအစဉ်နဲ့ ပြုလုပ်တဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။

အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲနဲ့ အခုနှစ် မေလအတွင်း မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး အဲဒီတုန်းက နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့် ရခဲ့သလို စစ်အစိုးရ အရာရှိတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

အခုသွားရောက်မယ့် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်းကတော့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ပြီး ပထမဆုံး သွားရောက်မယ့် အဆင့်မြင့် အမေရိကန် အစိုးရ ကိုယ်စားလှယ် ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Bam Ki-moon) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေး နမ်ဘီးယား (Vijay Nambiar) ဟာ သူ့ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ဒီကနေ့ လုံခြုံရေးကောင်စီမှာ အစီရင်ခံဖို့ ရှိပါတယ်။ မစ္စတာ နမ်ဘီးယားဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ခေါင်းဆောင်ပိုင်း အပါအဝင် တခြား အတိုက်အခံပါတီ ခေါင်းဆောင်တွေ၊ မြန်မာစစ်အစိုးရ ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG