အမေရိကန်အစိုးရရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဆိုင်ရာ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်း (Joseph Y.Yun) ဟာ ၄ ရက်ကြာ မြန်မာနိုင်ငံခရီး စတင်ရာမှာ ဒီကနေ့ နေပြည်တော်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ခရီးစဉ်အတွင်း အတိုက်အခံတွေနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ မြန်မာစစ်အစိုးရကို ဆက်ပြီး တိုက်တွန်းသွားမှာ ဖြစ်သလို လူသားချင်း စာနာကူညီမှု အထောက်အပံ့တွေ ကိစ္စကိုလည်း ပြန်လည်စဉ်းစား သုံးသပ်ဖို့ ရှိတယ်လို့ ရန်ကုန် အမေရိကန်သံရုံး ပြောခွင့်ရသူက ပြောပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စု အရှေ့အာရှနဲ့ ပစိဖိတ်ဆိုင်ရာ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ဝိုင် ယွန်းဟာ အခု ရွေးကောက်ပွဲ နောက်ပိုင်း မြန်မာနိုင်ငံကို ပထမဆုံးရောက်တဲ့ အမေရိကန် အစိုးရရဲ့ အဆင့်မြင့် အရာရှိတဦးလို့ ဆိုရမှာပါ။ ရွေးကောက်ပွဲအလွန် အစိုးရသစ်နဲ့လည်း တိုက်ရိုက်ထိစပ် ဆက်ဆံသွားမယ်ဆိုပြီး အမေရိကန် အစိုးရပိုင်းက ပြောခဲ့တာကြောင့် ဒီခရီးစဉ်ဟာ မြန်မာအစိုးရသစ်နဲ့ ဆက်ဆံရေး အလားအလာတွေအတွက် ပြင်ဆင်ချက်လားဆိုပြီး အတိုက်အခံအချို့က စိုးရိမ်ကြတာ တွေ့ရပါတယ်။
ရန်ကုန် အမေရိကန်သံရုံး ပြောခွင့်ရသူက အခုခရီးစဉ်ဟာ အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာအစိုးရရော ဒီမိုကရေစီ အင်အားစုတွေ အပါအဝင် မြန်မာပြည်သူလူထုနဲ့ ထိတွေ့ဆက်ဆံဖို့ဆိုတဲ့ အမေရိကန် အစိုးရရဲ့ မူဝါဒ အခြေခံပေါ်မှာ လာရောက်တာ ဖြစ်တယ်လို့ ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။
ဒီလို ဆွေးနွေးရာမှာ မြန်မာပြည်လူထုအတွက် အမေရိကန် အစိုးရရဲ့ လူသားချင်း စာနာကူညီမှု အထောက်အပံ့တွေ ကိစ္စကိုလည်း ပြန်လည်သုံးသပ်မှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ မြန်မာအစိုးရ အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးပြီး နိုင်ငံတွင်းမှာ လူ့အခွင့်အရေး မှတ်တမ်းတွေ တိုးတက်လာအောင် ဆောင်ရွက်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီ ခေါင်းဆောင်တွေ၊ လူမျိုးစု ခေါင်းဆောင်တွေနဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးကို စတင်ဆောင်ရွက်ဖို့ တိုက်တွန်းသွားမယ်လို့လည်း ရန်ကုန် အမေရိကန်သံရုံး ပြောခွင့်ရသူက ပြောပါတယ်။
ဒါပေမဲ့လို့ အမေရိကန်အစိုးရ အနေနဲ့ အခုလို ဆောင်ရွက်နေတဲ့ ကိစ္စမှာ မြန်မာအစိုးရအပေါ် အတော့်ကို စိတ်ရှည်သည်းညည်းခံတဲ့ သဘော တွေ့ရတယ်ဆိုပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးဝင်းတင်က ပြောပါတယ်။
“အမှန်အတိုင်းပြောရရင် ဒီစစ်အစိုးရနဲ့ ပတ်သက်လို့ တော်တော့ကို စိတ်ရှည်လက်ရှည် လုပ်တယ်လို့ပဲ ကျနော်က နားလည်တယ်။ ကာ့တ် ကမ်းဘဲလ် (Kurt Campbell) လာတုန်းကလည်း အမှန်အတိုင်း ပြောရရင် ကျနော်တို့က သိပ်ပြီးတော့ အားမရဘူးပေါ့။ ရွေးကောက်ပွဲအလွန် ကာလမှာလည်း ဒီအစိုးရနဲ့ ဆက်ပြီးတော့ Engage လုပ်သွားမယ်၊ ဆက်ဆံသွားမယ် ဆိုတဲ့ဟာ၊ သဘောထားတွေ ပေါ်လာတယ်။
“အဲဒီတော့ ဘာပဲပြောပြော ကျနော်တို့ကြိုက်တဲ့ သဘောထားတော့ မဟုတ်ဘူးပေါ့ဗျာ။ သို့သော် ကျနော်တို့ကတော့ ဘယ်လိုပဲပြောပြော အမေရိကန်အစိုးရ အနေနဲ့တော့ တော်တော် စိတ်ရှည်လက်ရှည် လုပ်တယ်လို့ ကျနော် ယူဆတယ်။”
၈၈ မျိုးဆက် ကျောင်းသားတဦးဖြစ်တဲ့ ကိုဖြိုးမင်းသိန်းကတော့ အမေရိကန် ပြည်ထောင်စုဘက်က အခုလုပ်နေတဲ့ မူဝါဒဟာ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေကို အသိအမှတ်ပြုသလို ရွေးကောက်ပွဲ ရလဒ်ကိုလည်း လက်ခံနေတဲ့သဘော ဖြစ်တယ်လို့ ဝေဖန်ပါတယ်။
“အမေရိကန် အစိုးရရဲ့ သဘောထားက နှစ်ဘက် ဖြစ်နေပါတယ်။ ဒီဘက်က အတိုက်အခံ အင်အားစုရဲ့ ရပ်တည်မှုကို ဆက်လက် အသိအမှတ်ပြုဖို့ ကြိုးစားသလို တဘက်ကနေပြီးတော့လည်း အခု ဖြစ်ပေါ်လာမယ့် ရွေးကောက်ပွဲ ရလဒ်နဲ့ ဖြစ်ပေါ်လာမယ့် အစိုးရသစ်ကိုလည်း အသိအမှတ်ပြု ဆက်ဆံလာနိုင်စရာ ရှိတယ်လို့ ကျနော် သုံးသပ်မိတာပါ။”
အခု မစ္စတာယွန်းရဲ့ ခရီးစဉ်မှာ အစိုးရ အာဏာပိုင်တွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေ အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ အခြား တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဦးဝင်းတင်ကတော့ အမေရိကန်ပြည်ထောင်စု အနေနဲ့ အစိုးရပိုင်းနဲ့တင် မဟုတ်ဘဲ အတိုက်အခံတွေနဲ့ပါ ထိစပ်သွားမယ်ဆိုတဲ့ သဘောကို တွေ့ရတာကြောင့် အခုခရီးစဉ်ဟာ ပုံသဏ္ဌာန်အားဖြင့်တော့ ကျေနပ်စရာ ကောင်းတယ်လို့ ပြောပါတယ်။
“အမေရိကန် အစိုးရရဲ့ ပေါ်လစီများကို ပုံဖော်တဲ့အခါမှာ စစ်အစိုးရဘက်က တင်ပြတာလောက်နဲ့တင် ပြီးတာမျိုး၊ သို့မဟုတ်လည်း စစ်အစိုးရကို သူတို့ဘက်က နေပြီးတော့ ပြောဆိုချင်တဲ့၊ ဖျောင်းဖျချင်တဲ့ဟာတွေ လုပ်နေတယ်၊ ပြီးသွားမှာစိုးတယ်။ ကျနော်တို့ရဲ့ သဘောထားတွေကိုလည်း ကျနော်က တင်ပြချင်တယ်။ ကျနော်တို့ သဘောထားတွေပါ ထည့်ပြီးတော့ သူတို့ရဲ့ ပေါ်လစီများကို လုပ်တဲ့အခါမှာ စဉ်းစားစေချင်တယ်။
“အခုအတိုင်း ဆိုရင်တော့ ကျနော်ထင်တယ်၊ အဲဒီသဘောထားကို လက်ခံတဲ့ အနေနဲ့ ကျနော်တို့ကို တွေ့မယ်၊ ဒေါ်စုနဲ့တွေ့မယ်၊ CEC တွေနဲ့တွေ့မယ်၊ CRPP တွေ့မယ်၊ စသည် ရှိတဲ့အခါကျတော့ ကျနော်တို့က ပုံသဏ္ဌာန်အားဖြင့်တော့ ကျေနပ်မှုရှိတယ်လို့ ထင်လို့ အဲဒီလိုပဲ ပြောချင်ပါတယ်။”
မစ္စတာယွန်းရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ ၄ ရက်ကြာမှာဖြစ်ပြီး လာမယ့် သောကြာနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ လေ့လာသူ အချို့ကတော့ ဒီခရီးစဉ်ဟာ အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် ထိစပ်ဆက်ဆံရေးနဲ့ အရေးယူ ဒဏ်ခတ်တဲ့ မူဝါဒတွေကို ပြန်လည်ဆန်းစစ်တဲ့ ခရီးစဉ် ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီးနောက်ပိုင်း ပြောဆိုလာကြတဲ့ မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူ ဒဏ်ခတ်မှုကိစ္စ၊ Sanction ကိစ္စကို ဆန်းစစ်လေ့လာ ဆွေးနွေးဖို့ အရေးကြီးတဲ့ ခရီးစဉ်လို့လည်း ယူဆကြပါတယ်။