သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ


အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်း။
အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်း။

မြန်မာနိုင်ငံကို ၄ ရက်ကြာ သွားရောက်တဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်း (Joseph Yun) က ဒီနေ့ ဒုတိယမြောက်နေ့မှာ နေပြည်တော်ကို ရောက်ရှိနေပါတယ်။ မစ္စတာ ဂျိုးဇက် ယွန်းက အမေရိကန် အစိုးရ အနေနဲ့ နောက်တက်လာမယ့် အစိုးရကို ထိတွေ့ ဆက်ဆံသွားမှာ ဖြစ်သလို လက်ရှိ ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကိုလည်း ဆက်လက် ကျင့်သုံးသွားမယ်လို့ ပြောပါတယ်။ အမေရိကန်နဲ့ မြန်မာစစ်အစိုးရ အကြားက ထိတွေ့ ဆက်ဆံမှုတွေရဲ့ တစိတ်တပိုင်း အဖြစ်နဲ့ မြန်မာနိုင်ငံကို ၄ ရက်ကြာ ရောက်ရှိနေတဲ့ မစ္စတာယွန်းက မနေ့က ခရီးရောက်မဆိုက်ဘဲ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီ ၈ ခုနဲ့ တွေ့ဆုံတဲ့အချိန် အဲဒီလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရနဲ့ အမေရိကန် အစိုးရကြား ထိတွေ့ ဆက်ဆံမှုတွေရဲ့ တစိတ်တပိုင်း အဖြစ်နဲ့ရော တိုင်းပြည်အတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေကို လေ့လာဖို့ အတွက်ပါ မြန်မာနိုင်ငံကို ရောက်နေတဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီ ၈ ခုက ခေါင်းဆောင်တွေနဲ့ မနေ့ နေ့လယ်ပိုင်းက တနာရီကျော်ကြာ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့တာပါ။

အဲဒီလို တွေ့ဆုံတဲ့နေရာမှာ အဓိကအားဖြင့်တော့ သူ့ဘက်က သိချင်တာတွေကို မေးမြန်းခဲ့ပေမဲ့ အမေရိကန် အစိုးရရဲ့ သဘောထား တချို့ကိုလည်း ပြောပြခဲ့တဲ့အကြောင်း ဂျိုးဇက် ယွန်းနဲ့ တွေ့ဆုံခဲ့သူ တဦးဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး တဦးဖြစ်သူ ဒေါ်ချိုချိုကျော်ငြိမ်းက ပြောပါတယ်။

“သူတို့အစိုးရ အနေနဲ့ တက်လာတဲ့ အစိုးရကိုလည်း ဆက်ဆံမယ်။ ပြီးတော့ Sanction ကိုလည်း ဆက်ပြီးတော့ ကျင့်သုံးမယ်လို့ ပြောပါတယ်။ သူက အိုဘားမားကို ပြန်ပြောပါ့မယ်တဲ့၊ လောလောဆယ် သူတို့ကလည်း Action တခုခု လုပ်ဖို့ဆိုတာ အကြီးအကျယ် ဆုံးဖြတ်ပြီးမှ လုပ်ရတဲ့အတွက် မလွယ်ဘူးလို့ ပြောပါတယ်။”

မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရက လက်ရှိ ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုဟာ ထိရောက်မှု မရှိတဲ့ အကြောင်းနဲ့ ဒီအပေါ် အခြေခံပြီး နှစ်ဘက် အပြန်အလှန် အတိုးအလျှော့ လုပ်သင့်တာလုပ်ပြီး အမျိုးသား ရင်ကြားစေ့ရေး ကိစ္စအတွက် ပြောဆိုဆွေးနွေးမှုတွေ ဖြစ်ပေါ်လာရင် ကောင်းမယ်ဆိုတာကို အကြံပြုခဲ့တယ်လို့ ဒီတွေ့ဆုံမှုမှာ ပါဝင်သူ နောက်တဦးဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု ဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းက ပြောပါတယ်။

“Sanction ကိစ္စပေါ့၊ စီးပွားရေး ပိတ်ဆို့ အရေးယူမှု ကိစ္စနဲ့ ပတ်သက်လို့တော့ ဒါဟာ ကျနော်တို့ ဆွေးနွေးတာကတော့ အမေရိကန် အစိုးရပေါ့၊ အခုလောလောဆယ် လက်ရှိ အိုဘားမား အစိုးရ အနေနဲ့ တက်ခါစကတည်းက ပြောထားပြီးပြီ။ ဒီ Sanction ဟာ ထိရောက်မှုလည်း မရှိဘူးဆိုတာ သူတို့ ဝန်ခံပြီးသားပဲလို့။ အဲတော့ ဒီဟာရှိနေခြင်းအားဖြင့် ကျနော်တို့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စမှာ အထောက်အကူ မဖြစ်တဲ့အပြင် အဟန့်အတားတောင်မှ ဖြစ်နိုင်တယ်။

“နောက်တခုက တကယ်တမ်း ရေရှည်မှာ စီးပွားရေး ထိခိုက်တာကတော့ အောက်ခြေ လူထုပဲလို့။ အဲဒါကြောင့် ဒါကိုတော့ ပြန်ပြီး စဉ်းစားသင့်တယ်။ Sanction ကိစ္စကို အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုတဲ့ နောက်ခံနဲ့ ပြန်စဉ်းစားသလိုပဲ လက်ရှိ အာဏာပိုင်တွေ အနေနဲ့ကလည်း နိုင်ငံရေး အကျဉ်းသားများ ဆက်ပြီးတော့ အခုလို ထိန်းသိမ်းထားခြင်းဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အဟန့်အတား ဖြစ်စေတဲ့ အတွက်ကြောင့် ဒါကိုလည်းပဲ ပြန်ပြီးတော့ စဉ်းစားသင့်တယ်။

“အဲဒီလို သူ့ဘက် ကိုယ့်ဘက် ပြန်စဉ်းစားပြီးတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းကြောင်းပေါ်ကို အတူတူတက်မယ် ဆိုရင်တော့ ရှေ့ ကျနော်တို့နိုင်ငံရဲ့ အနာဂတ်ဟာ ဒီ့ထက်ပို ကောင်းမွန်လာနိုင်ပါတယ်လို့ ကျနော်ကတော့ အဲဒီလို ဆွေးနွေးပါတယ်။”

ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေးကိစ္စ အပါအဝင် မကြာခင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ကိစ္စတွေကိုလည်း ဂျိုးဇက် ယွန်းနဲ့ ဆွေးနွေးဖြစ်ခဲ့တယ်လို့ ဒေါက်တာ သန်းငြိမ်းက ပြောပါတယ်။

ဒေါ်ချိုချိုကျော်ငြိမ်းကတော့ ဂျိုးဇက် ယွန်းဟာ မြန်မာနိုင်ငံအကြောင်း အတော်လေး သိထားပုံရတယ်လို့ သုံးသပ်ပါတယ်။ နောက် အမေရိကန်အစိုးရ အနေနဲ့ မြန်မာနိုင်ငံကို လူသားချင်း စာနာတဲ့ အကူအညီတွေ ပေးဖို့ အစီအစဉ် ရှိပေမဲ့ အကူအညီပေးမယ့်သူတွေ မြန်မာနိုင်ငံထဲလာဖို့ ပြည်ဝင်ခွင့်ဗီဇာ လျှောက်တဲ့နေရာမှာ အခက်အခဲ ရှိတာတွေကိုလည်း ဂျိုးဇက် ယွန်းက ပြောပြခဲ့တယ်လို့ ဒေါ်ချိုချိုကျော်ငြိမ်းက ပြောပါတယ်။

“အမေရိကန်ကနေ မြန်မာပြည်ကို အကူအညီတွေလည်း ပေးဖို့ရှိတယ်။ ဒါပေမဲ့ အဲဒီမှာ ပြည်သူတွေကို ထပ်ကူဖို့၊ Humanity အကူအညီတွေ ပေးဖို့ သူက ကြိုးစားတယ်။ ဒါပေမဲ့ အခုလောလောဆယ် မြန်မာပြည်မှာ ဗီဇာခက်တဲ့အတွက် နောက်ထပ်တိုးဖို့ လူတွေ ဗီဇာရဖို့ သူကြိုးစားရမယ်လို့ ပြောပါတယ်။ ဒါကို သူတွေ့တဲ့ပုဂ္ဂိုလ်တွေ၊ ဘယ်ဝန်ကြီးနဲ့ပဲ တွေ့ရတွေ့ရ သူ ဒီဟာကို ဆွေးနွေးမယ်လို့ ပြောသွားပါတယ်။”

မနေ့က နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပြီး ဂျိုးဇက် ယွန်းဟာ စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း အပါအဝင် နေပြည်တော်မှာရှိတဲ့ စစ်အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံဖို့ နေပြည်တော်ကို ခရီးဆက်သွားတယ်လို့ ဆိုပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေနဲ့ရော စစ်အစိုးရ အရာရှိတွေနဲ့ပါ နောက်ဆုံး တွေ့ဆုံခွင့်ရခဲ့တဲ့ အမေရိကန် အဆင့်မြင့် အရာရှိကတော့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) ဖြစ်ပါတယ်။

နေပြည်တော်မှာရှိတဲ့ စစ်အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံပြီးနောက်မှာတော့ ဂျိုးဇက် ယွန်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အပါအဝင် CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီဝင်တွေနဲ့လည်း အခုလ ၁၀ ရက်၊ သောကြာနေ့မှာ တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။

XS
SM
MD
LG