သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရရဲ့ ခြေလှမ်းသစ်များ အမေရိကန် စောင့်ကြည့်


မြန်မာအစိုးရရဲ့ ခြေလှမ်းသစ်များ အမေရိကန် စောင့်ကြည့်
မြန်မာအစိုးရရဲ့ ခြေလှမ်းသစ်များ အမေရိကန် စောင့်ကြည့်

မြန်မာနိုင်ငံအတွင်းမှာ ပြောင်းလဲလာတဲ့ ခြေလှမ်းတချို့ကို တွေ့မြင်နေရပြီ ဖြစ်တဲ့အကြောင်း အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) က ပြောဆိုပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ ဒီအပြောင်းအလဲတွေနဲ့ ပတ်သက်လို့ ပိုပြီးသိနိုင်အောင် သွားရောက်လေ့လာတဲ့ ခရီးစဉ်တခု ဖြစ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ဝါရှင်တန်မြို့တော် အခြေစိုက် CSIS နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးအဖွဲ့ အရှေ့တောင်အာရှဆိုင်ရာ ဌာနက စက်တင်ဘာလ ၇ ရက်နေ့က ကျင်းပတဲ့ ပစိဖိတ်ဒေသတွင်း အမေရိကန် ပြည်ထောင်စုရဲ့ မဟာဗျူဟာအကြောင်း ဆွေးနွေးပွဲမှာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်က မြန်မာ့အရေးကို ထည့်သွင်း ပြောဆိုသွားတာပါ။

ပစိဖိတ်ဒေသတွင်း နိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်လာတဲ့ အခြေအနေ၊ အမေရိကန် ပြည်ထောင်စုနဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ မဟာဗျူဟာတွေအကြောင်း မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ် ဆွေးနွေးပြောဆိုနေတဲ့ အချိန်ဟာ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ် မြန်မာနိုင်ငံကို သွားရောက်နေတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှ ပစိဖိတ် ဒေသရဲ့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်က အခုလို ပြောဆိုပါတယ်။

“အမေရိကန် ပြည်ထောင်စုက ခန့်အပ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ် အနေနဲ့ အခုလို မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်နိုင်ခဲ့တဲ့အပေါ် ကျနော့်အနေနဲ့ အထူးပဲ ဝမ်းသာမိပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ သူ့ဘက်က တင်ပြမယ့် အချက်တွေ၊ တွေ့ဆုံ ဆွေးနွေးခဲ့တာတွေက ဘာတွေ ပေါ်ထွက်လာမယ် ဆိုတာကို ကျနော် သိပ်သိချင်ပါတယ်။

“သူ့အနေနဲ့ မြန်မာအစိုးရဘက်ကိုရော ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသား လူမျိုးစုတွေနဲ့ပါ ဘက်ပေါင်းစုံ ကျိုးကြောင်းဆက်စပ်တဲ့ အပြန်အလှန် ထိတွေ့ ဆွေးနွေးမှုတွေ လုပ်နိုင်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဒီထက်ပိုပြီးတော့ ကျနော့်ဘက်က အသေးစိတ် ဖြည့်စွက် မပြောချင်ပါဘူး။ ဒဲရက်ခ် မစ်ချဲလ် အနေနဲ့ရော ကျနော့်အနေနဲ့ရော ပြောရမှာက မြန်မာနိုင်ငံမှာ မကြာခင်ရက်ပိုင်းအတွင်းက ပြောင်းလဲလာတဲ့ ခြေလှမ်းတွေကို တွေ့နေရတယ်။ ဒီခြေလှမ်းတွေနဲ့ ပတ်သက်လို့ ကျနော်တို့ဘက်က ဒီထက်ပိုပြီး သိနိုင်အောင် ကြိုးစားချင်တယ် ဆိုတာပါပဲ။”

လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အဆင့်အမြင့်ဆုံး အမေရိကန် အရာရှိ ဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ရော မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံခဲ့သူပါ။ သူက မြန်မာနိုင်ငံအနေနဲ့ အမေရိကန် ပြည်ထောင်စုနဲ့ ဆက်ဆံရေး ကောင်းမွန်ချင်တယ်ဆိုရင် မြန်မာနိုင်ငံဘက်က ပြုပြင်ပြောင်းလဲဖို့ လိုတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုဘက်က လျှော့ပေးတာမျိုး မရှိသေးသလို ဆက်လက် အရေးယူခွင့်နဲ့ အရေးယူနိုင်တဲ့ အနေအထားမှာ ရှိတယ်လို့လည်း ပြီးခဲ့တဲ့နှစ် မြန်မာနိုင်ငံ ခရီးစဉ်က အပြန် သတင်းထောက်တွေကို ပြောခဲ့သူ ဖြစ်ပါတယ်။

အခု မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ပြောင်းလဲလာတဲ့ ခြေလှမ်းတွေကို တွေ့ရတယ်ဆိုပြီး ပြောဆိုတာနဲ့ ပတ်သက်လို့ ဘာတွေက ပြောင်းလဲတဲ့ခြေလှမ်း ဆိုတာကို မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ်က အသေးစိတ် ရှင်းလင်းပြောဆိုသွားတာ မရှိပါဘူး။

ဒါပေမဲ့လည်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံပြီး ရက်ပိုင်းအတွင်းမှာ မြန်မာနိုင်ငံအတွင်း ပြောင်းလဲလာတဲ့ ခြေလှမ်းတချို့ကို တွေ့မြင်နေရပြီဆိုပြီး အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်က ပြောဆိုသွားတာ ဖြစ်ပါတယ်။

XS
SM
MD
LG