သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် မြန်မာ စစ်ဘက် ဆက်ဆံရေး သတိထားဖို့ လိုအပ်


အမေရိကန်-မြန်မာ စစ်ရေးလေ့ကျင့်မှု လေ့လာ။ Credit to USNavy official Page
အမေရိကန်-မြန်မာ စစ်ရေးလေ့ကျင့်မှု လေ့လာ။ Credit to USNavy official Page

မကြာသေးခင်ကမှ အမေရိကန် အောက်လွှတ်တော်က အတည်ပြုလိုက်တဲ့ ၂၀၁၅ အမျိုးသား ကာကွယ်ရေး ဆိုင်ရာ လုပ်ပိုင်ခွင့် ဥပဒေမူကြမ်းမှာ မြန်မာနိုင်ငံနဲ့ စစ်ရေး ဆက်ဆံမှု အပိုင်းမှာ အပြောင်းအလဲ တချို့ ပြုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန် လိုက်ပါတယ်။ ပြုပြင်ပြောင်းလဲရေး နောက်ပြန် ဆုတ်နေတဲ့ ကာလမှာ အမေရိကန် အစိုးရနဲ့ မြန်မာအကြီးအကဲတွေကြား မှားယွင်းတဲ့ ဆက်ဆံရေးမျိုး ဖြစ်သွားမှာကို စိုးရိမ်မိတယ်လို့ ဆိုပါတယ်။ မအင်ကြင်းနိုင်က အသေးစိတ်ပြောပြမှာပါ။

ဒီဥပဒေအရ အမေရိကန်နဲ့ မြန်မာစစ်တပ် အချင်းချင်းဆက်ဆံရေးမှာ စစ်ရေး တိုက်ခိုက်လေ့ကျင့်ပေးတာ၊ လက်နက်အကူအညီပေးတာစတဲ့ ကျယ်ပြန့်တဲ့ စစ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို တားမြစ်ထားတဲ့အတွက် ကြိုဆိုကြောင်း ဝါရှင်တန်ဒီစီ အခြေစိုက် US Campaign for Burma အဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Jennifer Quigley ကပြောပါတယ်။

"ကောင်းတဲ့အချက်က အမေရိကန်နဲ့ မြန်မာစစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ ကို ကျယ်ကျယ်ပြန့်ပြန့် တားမြစ်ထားတဲ့ ဒီဥပဒေကို အမေရိကန်အောက် လွှတ်တော်ကနေ ပထမဆုံးအကြိမ် အတည်ပြုပေးခဲ့ တာဖြစ်ပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေးဆိုင်ရာ သင်တန်းပေးမှုတွေ၊ သဘာဝဘေးအန္တရာယ်နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် အကူအညီပေးရေးတွေနဲ့ အတူ စစ်ရေးပူးပေါင်းလေ့ကျင့်မှုတွေ ကို လေ့လာခွင့် ပေးခဲ့တာတွေကိုတော့ ခွင့်ပြုထားတာမို့ ဒါကကောင်းတဲ့အချက်တွေဖြစ်ပါတယ်။"

အမေရိကန် ကာကွယ်ရေးဌာနအနေနဲ့ မြန်မာနိုင်ငံကို နဂိုမူလကပေးနေတဲ့ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ သင်တန်းတွေနဲ့ ကာကွယ်ရေး ဆိုင်ရာပြုပြင်မှုတွေအပြင် အခုအောက်လွှတ်တော်က အတည်ပြုလိုက်တဲ့ ဒီအမျိုးသား ကာကွယ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်ဥပဒေအရ သဘာဝဘေးအန္တရာယ်နဲ့ လူသားချင်း စာနာမှုဆိုင်ရာ အရေးပေါ်အကူအညီပေးရေးတွေနဲ့ ကျန်းမာရေးဆိုင်ရာ တိုးတက်အောင် ကူညီပေးဖို့တွေပါ လုပ်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ၂နိုင်ငံ စစ်ရေးဆက်ဆံရေးကို ဒီထက်တိုးမြှင့်နိုင်ဖို့ ဆိုရင်တော့ လျာထား သတ်မှတ်ချက်တွေ သတ်မှတ်ထားသင့်တယ်လို့လည်း ပြောပါတယ်။

"လူ့အခွင့်အရေးအဖွဲ့တွေဘက်ကနေကြည့်မယ်ဆိုရင် မြန်မာနိုင်ငံနဲ့ရှေ့ဆက်ပြီး ဆက်ဆံမှုတွေလုပ်ဖို့ အတွက် အမေရိကန်ဘက်က သတ်မှတ်ချက်တွေထားရမယ်လို့ ယုံကြည်ပါတယ်။ စစ်ရေးအရ တိုးမြှင့်ဆက်ဆံမှုတွေလုပ်ဖို့ ဆိုရင် မြန်မာ စစ်တပ်ဖက်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တာဝန်ခံ မှုရှိအောင် ဆောင်ရွက်ပေးတာမျိုးရှိလာဖို့၊ လွှတ်တော်ထဲမှာ အမတ်နေရာ ၂၅% မယူပဲ စွန့်လွှတ်ဖို့နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လုပ်ဆောင်ပေးဖို့လိုမျိုး ရှိလာရမယ်လို့ သတ်မှတ်ချက်တွေ ထားရမှာပါ။"

မြန်မာနိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံးနဲ့ ပင်တဂွန် စစ်ဌာနချုပ်တို့ဟာ မြန်မာ စစ်တပ်ကို စစ်ရေးသင်တန်းပေးဖို့ လိုလားနေတာဖြစ်ပြီး ဒါမှာသာ ပြုပြင်ပြောင်းလဲရေး အတွက် မြန်မာစစ်တပ်ကို အပြုသဘောဆောင် လွှမ်းမိုးနိုင်မှာဖြစ်တယ်လို့ ယုံကြည်နေကြောင်း နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ကြီးရဲ့ အာရှရေးရာတာဝန်ခံ Brad Adams ကပြောပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ နောက်ပြန်ဆုတ်နေတဲ့အချိန်မှာ အမေရိကန် အစိုးရနဲ့ မြန်မာ အကြီးအကဲတွေကြား နားလည်မှုလွဲတဲ့ ဆက်ဆံရေးမျိုးဖြစ်သွားမှာကို စိုးရိမ်တယ်လို့လည်း Brad Adams ကဗွီအိုအေ ကိုပြောပါတယ်။

"မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေး အတွက် အမေရိကန် စစ်ဖက် အကြီးအကဲတွေက မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေနဲ့ ထိတွေ့ဆက်ဆံ တာဟာကောင်းမွန်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဘာမှတိုးတက်မှု မရှိသေးတဲ့ အတွက် အခုလိုဆက်ဆံမှုကြောင့် မြန်မာအကြီးအကဲတွေက သူတို့ လုပ်တာမှန်နေတယ်လို့ အထင်လွဲှမှားသွားမှာကို ကျနော်တို့စိုးရိမ်မိပါတယ်။"

အခုအောက်လွှတ်တော်က သဘောတူလိုက်တဲ့ ကာကွယ်ရေးဆိုင်ရာ ဥပဒေအရ မြန်မာနဲ့ စစ်ရေးဆက်ဆံရေးမှာ အပြောင်းအလဲ အနည်းငယ် လုပ်တယ်ဆိုပေမယ့် ထင်ထင်ရှားရှားပြောင်းလဲမှုမျိုးတော့ ရှိမှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။ ဒါအပြင် ဒီဥပဒေမှာ ဘယ်လိုပုံစံမျိုးနဲ့ အကူအညီပေးမယ် ဆိုတာ တိတိကျကျဖေါ်ပြမထားဘူးလို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောဆိုကြ ပါတယ်။ မြန်မာနိုင်ငံနဲ့ စစ်ရေးဆက်ဆံမှုအပိုင်းမှာ အပြောင်းအလဲ တချို့ ပြုလုပ်ထားတဲ့ အချက်တွေ ပါဝင်တဲ့ ၂၀၁၅ အမျိုးသား ကာကွယ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်ဥပဒေကို အထက်လွှတ်တော်မှာ တင်သွင်း အတည်ပြုရမှာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG