သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် သံအမတ်ကြီးသစ်ကို မြန်မာနိုင်ငံခြားရေးဌာန ကြိုဆို


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အသစ် Scot Marciel
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အသစ် Scot Marciel

၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ တာဝန်လွှဲပြောင်း ယူတော့မယ့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အသစ်အဖြစ် အဆိုပြုထားတဲ့ Scot Marciel ကို အမေရိကန် အထက်လွှတ်တော်က အတည်ပြုလိုက်တဲ့အတွက် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ကြိုဆိုလိုက်ပါတယ်။ Scot Marciel ဟာ အာရှရေးရာ ကျွမ်းကျင်သူ တစ်ဦး လည်းဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ ပါဝင် ကူညီဖို့လည်း မျှော်လင့်တယ်လို့ နိုင်ငံခြားရေး ဒုဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို VOA သတင်းထောက် မသိင်္ဂ ီလင်းက ပြောပြပေးပါမယ်။

မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ဖို့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အကြီးတန်း ဒု လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Scot Alan Marciel ကို အမေရိကန် အထက်လွှတ်တော်ကနေ ကန့်ကွက်မဲမရှိ အတည်ပြုလိုက်ပါတယ်။ ရန်ကုန်မြို့ အမေရိကန်သံရုံး ပြောရေးဆိုခွင့်ရှိသူကလည်း အတည်ပြု ပြောဆိုပြီး တာဝန်လွှဲပြောင်းရေးတွေကို နောက်ပိုင်းမှာ သတင်းထုတ်ပြန်သွားမယ်လို့ အခုလို ပြောပါတယ်။

“ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ အမေရိကန် အထက်လွှတ်တော်က Scot Marciel ကို မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ဖို့ အတည်ပြုလိုက်ပါတယ်။ လက်ရှိသံအမတ်ကြီး Mitchell တာဝန်ပြီးဆုံးချိန်မှာ ပြန်လည်ထွက်ခွာဖို့နဲ့၊ သံအမတ်ကြီးအသစ် Marciel တို့ ရောက်လာမယ့်အချိန်တွေကို နောက်ပိုင်းမှာအသေးစိပ် သတင်းထုတ်ပြန်သွားပါ့မယ်။”

လက်ရှိသံအမတ်ကြီး Derek Mitchell ရဲ့ သက်တမ်းကုန်ဆုံးမယ့် ၂၀၁၆ ခုနှစ် ဇွန်လနောက်ပိုင်းမှာ လာရောက် တာဝန်ထမ်းဆောင်ရမှာပါ။

သံအမတ်ကြီးအသစ်ဖြစ်လာမယ့် Scot Marciel ဟာ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ မှာ ကျွမ်းကျင်သူတစ်ဦးဖြစ်တာကြောင့် မြန်မာ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ ထဲထဲဝင်ဝင် ပူးပေါင်းကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်ပြီး ကြိုဆိုတယ်လို့ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးသန့်ကျော်က အခုလို ပြောဆိုလိုက်ပါတယ်။

“Scot Marciel က မြန်မာအကြောင်းလည်း သူသိပြီးသားပဲလေ။ အရင်တုန်းကလည်း အင်ဒိုနီးရှားမှာ လုပ်ခဲ့တယ်။ သံအမတ် လုပ်ခဲ့တယ်ပေါ့နော်။ အဲတော့ Asia အကြောင်းသိနေတာပေါ့နော်။ Asia Mentality လည်း read လုပ်နိုင်တဲ့ ပုဂ္ဂိုလ်တယောက်ပေါ့နော်။ ကျနော်တို့အနေနဲ့က အသံအမတ် အသစ် လာမယ့်အပေါ်မှာ ကြိုဆိုပါတယ်။ အမှန်အတိုင်းပြောရရင်တော့ ကျနော်တို့အနေနဲ့ သူလာတဲ့ကိစ္စကို ကြိုဆိုတယ်။ သူ့အနေနဲ့ မြန်မာနိုင်ငံရဲ့ ရှေ့သွားမယ့် ခရီးလမ်းပေါ့နော်။ ဒီမိုကရေစီနဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအပေါ်မှာ သူ့အနေနဲ့ ပါဝင်ပြီးတော့ ဒီအစိုးရအပါအဝင်၊ နောင် လာမယ့် အစိုးရနဲ့လည်း ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ထားတယ်လေ။”

လက်ရှိမြန်မာနိုင်ငံမှာ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဒုတိယအကြိမ်လွှတ်တော် အစည်းအဝေးတွေ စတင်နေပြီး မတ်လ ၁၇ ရက်နေ့နောက်ပိုင်းမှာတော့ သမ္မတရွေးချယ်ရေး လုပ်ငန်းစဉ်တွေ ပြုလုပ်မှာဖြစ်ပါတယ်။ဧပြီလမှာ အစိုးရသစ် တရားဝင် တက်လာတဲ့ အခါမှာ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင်ရမှာဖြစ်တာကြောင့် မြန်မာနိုင်ငံမှာ လာရောက်တာဝန်ထမ်းဆောင်မယ့် သံအမတ်ကြီး အသစ်အနေနဲ့ အတော်ကို ကြိုးစား အားထုတ် ရလိမ့်မယ်လို့ နိုင်ငံတကာ အရေးကျွမ်းကျင်သူ ဒေါက်တာခင်ဇော်ဝင်းက အခုလို သုံးသပ်လိုက်ပါတယ်။

“Scot Marciel လာမယ့် အချိန်ကျရင် ပိုပြီးတော့ စိန်ခေါ်မှုတွေက များလိမ့်မယ်။ ဆိုတော့ အရင်တုန်းကတော့ ဦးသိန်းစိန် အစိုးရ လက်ထက်ပေါ့ကွာ။ ဒီမိုကရေစီနဲ့ အရပ်သားအစိုးရ တပိုင်းပေါ့နော်။ သူတို့လည်းအဆင့်ဆင့်သွားနေကြတာ။ အခုကျတော့ ပြောမယ်ဆိုလို့ရရှိရင် ဒီမိုကရေစီ အရပ်သားအစိုးရဘက်ကို ပိုပြီးတော့ ယိမ်းလာတယ်လေ။ တချိန်ထဲမှာလည်း စိန်ခေါ်မှုတွေ အခက်အခဲတွေက ပိုပြီးတော့ များလာတယ်။ အဲဒါက ဘယ်လိုမှာ ငြင်းလို့မရဘူး။ အဲဒါကြောင့်မို့လို့ Scot Marciel လာတဲ့ အချိန်ဆိုရင် ပိုပြီးတော့ သူ့အနေနဲ့ ပိုကြိုးပမ်းအားထုတ်ရမယ်လို့ ထင်တယ်နော်။”

အခု အထက်လွှတ်တော်က အတည်ပြုပေးလိုက်တဲ့ ဝန်ကြီး Scot Marciel ဟာ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်အထိ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအပြင် အာဆီယံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း မြန်မာနိုင်ငံကို အကြိမ်ကြိမ် လာရောက်ခဲ့ဖူးပါတယ်။ ၂၀၁၀ ကနေ ၂၀၁၃ ခုနှစ်အထိလည်း အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အခုလက်ရှိမှာတော့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အကြီးတန်း ဒု လက်ထောက် နိုင်ငံခြားရေးဝန်ကြီးတာဝန်ကိုတော့၂၀၁၃ ခုနှစ်မှာ စတင်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG